1. Home
  2. Myanmar News

ရန်ကုန်မိုးပျံအမြန်လမ်းမ ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်မည်

Myanmar News พ.ค. 09, 2562 view 1,589
ရန်ကုန်မြို့ မိုးပျံအမြန်လမ်းမ စီမံကိန်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် စတင်အကောင်ထည်ဖော် တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌါနက သတင်းထုတ်ပြန်ထားသည်။
 
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းပေးနိုင်မည့် မိုးပျံလမ်းမကြီး စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌါနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ရင်းနှီးမြုတ်နှံရန် စိတ်ဝင်စားသူများကို တင်ဒါစနစ်နဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာတင်ရန် တရားဝင်ခေါ်ယူထားခဲ့ပြီးဖြစ်သည်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
မိုးပျံလမ်းစီမံကိန်းကို အစိုးရ၏ ငွေကြေးတစ်ခုထဲနှင့် တည်ဆောက်မည်မဟုတ်ပဲ ရင်းနှီးမြုတ်နှံသူများနဲ့ ပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းကုမ္ပဏီများအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကုမ္ပဏီ ၅၄ ခု၏ လျှောက်လွှာများ ရရှိထားခဲ့ပြီးဖြစ်သည်။
 
ယင်းကုမ္ပဏီများထဲမှ ကုမ္ပဏီ ၁၀ ခုကို ထပ်မံရွေးချယ်ကာ လုပ်ငန်းများ ရှေ့ဆက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က ပြောကြားခဲ့သည်။
 
 
"အစိုးရဘတ်ဂျက်နဲ့ ဆောက်တာဆိုရင် ကန်ထရိုက်တာကို ရွေးလိုက်ရင်ရပြီ။ အခုက ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ရမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အာမခံချက်တွေကို အချင်းချင်း ညှိရသေးတယ်။ ပိုက်ဆံ ပမာဏကလည်းများတယ်လေ။ ရင်းနှီးမြှုပ်နှံမယ့် သူတွေယုံကြည်အောင် ကျွန်တော်တို့ဘက်က ဘာလုပ်ပေးမယ် ခင်များတို့ဘက်က  ဘာလုပ်ပေးမယ်ဆိုတာမျိုး ညှိရသေးပါတယ်" ဟု ပြောကြားခဲ့ပါတယ်။
 
ပမာဏ ရွေးချယ်ခံထားရသည့် ကုမ္ပဏီ ၁၀ ခုမှာ  ပြင်သစ်နိုင်ငံမှ VINCI Highways၊ ကိုရီးယားနိုင်ငံမှ Team Korea Consortium၊ တရုတ်နိုင်ငံမှ China Gezhouba Group Co.,Ltd/ Great Genesis Gems Co.,Ltd ၊ CRIG-CDL Consortium China Communications Construction Company Ltd Power Construction Corporation of China,Limited၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းထားသည့် BSSIC  Consortium၊ ဂျပန်နိုင်ငံမှ JFEE/ Marubeni Consortium ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းထားသည့် ITD-CSI JV၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းထားသည့် Denso-CSCEC Consortium  တို့ ဖြစ်သည်။
 
 
စုစုပေါင်း လမ်းအရှည် ၄၇.၅ ကီလိုမီတာရှိသည့် မိုးပျံလမ်းကို စီမံကိန်း အပိုင်း(၁) နှင့် (၂) ဟူ၍ နှစ်ပိုင်းခွဲထားပြီး စီမံကိန်းအပိုင်း(၁)ကို လာမည့် ၂၀၂၀ ဇူလိုင်လမှ စတင်ကာ ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။ 
 
စီမံကိန်းအပိုင်း(၂) ကို အပိုင်း(၁) စတင်ပြီး အကောင်ထည်ဖော်တည်ဆောက်နေစဉ်မှာ တင်ဒါများဆက်ခေါ်ပြီး တည်ဆောက်သွားမှာဖြစ်ကာ ရင်းနှီးမြုတ်နှံမှု လုံလောက်ပြည့်စုံပါက တစ်ပြိုင်တည်း တည်ဆောက်သွားဖို့လည်း ဖြစ်နိုင်ကြောင်း သိရှိရသည်။
 
 
မိုးပျံလမ်းစီမံကိန်းအတွက် လယ်ယာမြေသိမ်းတာတွေ မလုပ်ပဲ အစိုးရပိုင်မြေများပေါ်မှ တည်ဆောက်သွားမှာဖြစ်ပြီး လမ်းကြောင်းကို လူနေအိမ်များနဲ့ အတတ်နိုင်ဆုံး လွတ်ကင်းအောင် ရေးဆွဲထားခြင်းလည်းဖြစ်သည်။
 
စတင်အကောင်ထည်ဖော်မည့် စီမံကိန်း၏ အပိုင်း (၁) တွင်  အရှေ့ဘက်ခြမ်း (၄) လမ်းသွား လမ်းမကြီး (၁၉) ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော (၄) လမ်းသွား (၆) ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော (၂) လမ်းသွား (၂ ဒသမ ၅)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇ ဒသမ ၅) ကီလိုမီတာရှိကြောင်း သိရှိရသည်။
 
Ref - မြန်မာတိုင်းမ်စ်
Photos - မြန်မာတိုင်းမ်စ်၊ ဆောက်လုပ်ရေးဝန်ကြီးဌါန

 



Follow us on