အောင်မြင်တဲ့ ဟစ်ဟော့ပ် အဆိုတော်လည်းဖြစ်၊ စီးပွားရေးသမားလည်းဖြစ်၊ ကမ္ဘာကျော်အဆိုတော် ဘီယွန်းဆေး(Beyonce) ရဲ့ ခင်ပွန်းလည်း ဖြစ်တဲ့ Jay-Z ဟာ ဘီလီယံနာစာရင်းဝင်သွားပြီဖြစ်ကြောင်း လတ်တလောထွက်ရှိထားတဲ့ Forbes မဂ္ဂဇင်းက ဖော်ပြလိုက်ပါတယ်။
ဘီလီယံနာ စာရင်းဝင်သွားတဲ့ သက် ၄၉ နှစ်အရွယ် Jay-Z ရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံက သူ့ရဲ့ လုပ်ငန်းပေါင်းစုံကနေ ရလာတဲ့ ဝင်ငွေတွေဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ Armand de Brignace တံဆိပ် အရက်လုပ်ငန်း (ကန် ၃၁၀ မီလီယံ)၊ အခြားငွေကြေးရင်းနှီးမြုတ်နှံမှု (ကန် ၂၂၀ မီလီယံ)၊ Bacardi နဲ့ဖက်စပ်ပူးပေါင်းတဲ့ D’Usse အရက် (ကန် ၁၀၀ မီလီယံ)၊ သီချင်းထုတ်လွှင့်ဝန်ဆောင်မှု Tidal (ကန် ၁၀၀ မီလီယံ)၊ ဖျော်ဖြေရေးကုမ္ပဏီ RocNation (ကန် ၇၅ မီလီယံ)၊ ကိုယ်ပိုင် မြူးဇစ်ကတ်တလော့ခ် (ကန် ၇၅ မီလီယံ)၊ သူ့ရဲ့ အနုပညာစုစည်းမှု (ကန် ၇၀ မီလီယံ) နဲ့ အိမ်ခြံမြေရင်းနှီးမြုတ်နှံမှု (ကန် ၅၀ မီလီယံ) တို့ရှိကြောင်း Forbes မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
Jay-Z ရဲ့ ထုတ်လုပ်သူလည်းဖြစ်တဲ့ Swizz Beatz က အနုပညာမှာသာမက ဘက်ပေါင်းစုံကနေ ထူးချွန်တဲ့ Jay-Z ရဲ့ အစွမ်းအစကို ချီးကျူးတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဒီကိစ္စက ဟစ်ဟော့ပ်ထက် အများကြီး ကြီးသွားပြီ၊ သူဟာ ကျွန်တော်တို့လောကအတွက် ဏ့နမူနာထားရမယ့် blueprint လိုပါပဲ။ ကျွန်တော်တို့လိုပဲ ဟစ်ဟော့ပ်ကို ချစ်တဲ့လူတစ်ယောက်က ကျွန်တော်တို့တွေ တစ်သက်လုံး မျှော်လင့်ထားကြတာတွေထက် ပိုပြီး လုပ်ပြနိုင်ခဲ့တယ်။ သူအခု ဘီလီယံနာဖြစ်သွားပြီ၊ သူဘာတွေထပ်ဖြစ်လာဦးမလဲ စဉ်းစားကြည့်ပါဦး ဘာဖြစ်လို့လဲဆိုတော့ သူလုပ်တာတွေက အခုမှ အစပဲ ရှိသေးတယ်” လို့ Swizz Beatz က ချီးကျူးခဲ့ပါတယ်။
ငွေရေးကြေးရေးအရ သမိုင်းမှတ်တိုင် စိုက်ထူနိုင်သွားတဲ့ Jay-Z ဟာ လွန်ခဲ့တဲ့ နှစ်လလောက် ကလည်း NAACP Image Award မှာ President’s Award နဲ့ ဂုဏ်ပြုခံခဲ့ရပါသေးတယ်။
အဲဒီပွဲမှာ Jay-Z က “ကျွန်တော် ဘာမဆို အကုန်လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ကြီးပြင်းလာခဲ့တာပါ။ ဒီစိတ်နဲ့ အရာရာအောင်မြင်အောင် ပံပိုးပေးခဲ့တဲ့ အမျိုးသမီးနှစ်ယောက်ရှိပါတယ်” လို့ သူ့ရဲ့ မိခင် Gloria Carter နဲ့ အဘွား Hattie White တို့ကို ရည်းညွှန်းပြီး ပြောခဲ့ပါတယ်။
“ဒါကြောင့် ဒီဆုကို အဲဒီအမျိုးသမီးနှစ်ယောက်အတွက် ရည်ညွှန်းပါတယ်၊ ဒါအပြင် ကျွန်တော်ဘဝမှာ အလှပဆုံး အမျိုးသမီးဖြစ်တဲ့ ဘီယွန်းဆေး ကိုလည်း ဒီဆုနဲ့ ဂုဏ်ပြုပါတယ်” လို့ စင်မြင်ထက်ကနေ ပြောကြားခဲ့ပါတယ်။