1. Home
  2. Special or Others

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ Bubble tea အသီးလေးများ ဆို့ပြီး ဆေးရုံရောက်

Special or Others มิ.ย. 06, 2562 view 1,833
လူကြီးလူငယ်တွေကြားခေတ်စားနေတဲ့ လက်ဖက်ရည်တစ်မျိုးကတော့ အထဲမှာ ဂျယ်လီလို ပျော့ပျော့အိအိ အသီးလေးတွေပါတဲ့ Bubble tea ဖြစ်ပါတယ်။ စျေးဝယ်စင်တာတွေရဲ့ အအေးဆိုင်လေးတွေမှာ အလွယ်တစ်ကူ ဝယ်ယူလို့ရပါတယ်။ 
 
Bubble tea သောက်နေကျ မိန်းကလေးတစ်ယောက်ရဲ့ အစာအိမ်နဲ့ ကလီစာတွေထဲမှာ Bubble tea ထဲက အသီးလေးတွေ ပိတ်နေခဲ့တဲ့ အဖြစ်ပျက်တစ်ခု မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဆေးရုံတင်ခဲ့ရပါတယ်။
 
တရုတ်နိုင်ငံ ဂျီးကျန်း စီရင်စုက အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ အစားလည်းမစားနိုင် ဝမ်းသွားရာမှာလည်း ခက်ခဲပြီး ဗိုက်အောင့်ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ ဝမ်းဗိုက်ပိုင်းကို စီတီစကင်ရိုက်ကြည့်တဲ့အခါ သူမရဲ့ အစာအိမ်နဲ့ ကလီစာတွေထဲမှာ အလုံးသေးသေးလေးတွေ တန်းစီပိတ်ဆို့နေတာကို အံ့အားသင့်စွာနဲ့ တွေ့လိုက်ရပါတယ်။ Bubble tea ထဲက အသီးလုံးလေးတွေ ဖြစ်ပါတယ်။
 
 
မိန်းကလေးဟာ Bubble tea ကို လွန်ခဲ့တဲ့ ၅ ရက်ခန့်က နောက်ဆုံးသောက်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်ဖြစ်သူ ဒေါက်တာကျန်း က အခုလို ပိတ်ဆို့နေတဲ့ ပုံစံဟာ တစ်နေ့တစ်ရက်ထဲ သောက်ထားတာကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ 
 
မိန်းကလေးဟာ Bubble tea သောက်တဲ့အကျင့်ကို မိဘတွေဆီကနေ ရခဲ့တာဖြစ်ပြီး ပုံမှန်သောက်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ သူမကို ဝမ်းချူဆေးပေးပြီး အစာအိမ်ထဲကနေ အလုံးလေးတွေ ပြန်ထွက်အောင် ကုသပေးခဲ့ပါတယ်။
 
 
Bubble tea ထဲမှာပါတဲ့ အသီးစိလေးတွေဟာ ပီလောပီနံမှုန့်နဲ့ ပြုလုပ်ထားတာကြောင့် ဗိုက်ထဲရောက်သွားရင် လွယ်လွယ်နဲ့ အစာမကြေနိုင်ကြောင်း ဒေါက်တာဟီယုလင်း က ပြောကြားခဲ့ပါတယ်။ အချို့ဆိုင်တွေဆိုရင် ဘာမှန်းမသိတဲ့ စေးပျစ်ပျစ်အရာတွေနဲ့ သူတို့ကိုယ်တိုင် လုပ်တတ်ကြတယ်၊ ဘာတွေနဲ့ လုပ်ထားမှန်းမသိတော့ အခန့်မသင့်ရင် ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
 
Bubble tea ထဲက အစိလေးတွေဟာ အစာချေစနစ်ကိုလည်း ဒုက္ခပေးနိုင်လို့ အများကြီး မစားသင့်ဘူးလို့ အကြံပြုထားပါတယ်။ Bubble tea ကြိုက်သူတွေအနေနဲ့လည်း သတိထားသင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

 



Follow us on