1. Home
  2. Special or Others

မေးရိုးမပါပဲ မွေးခဲ့ပြီး စကားမပြောနိုင်ပေမယ့် Rapper ဖြစ်လာတဲ့လူငယ်

Special or Others มิ.ย. 17, 2562 view 1,881
အမေရိကန်နိုင်ငံ အရီဇိုးနား၊ ဖီးနစ်က လူငယ်လေးတစ်ယောက်ဟာ မွေးစကထဲက မေးရိုးပါမလာတဲ့အတွက် အစားလည်း မစားနိုင်သလို အသံလည်းလုံးဝ ထွက်လို့မရပါဘူး၊ ဒါပေမယ့် ရက်ပ်သီချင်းလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
 
 
Isaiah Acosta ဟာ မွေးလာကတည်းက မေးရိုးမပါ၊ အသက်ရှုလမ်းကြောင်းမပါပဲ ထူးထူးဆန်းဆန်း အသက်ရှင်နိုင်ခဲ့ပါတယ်။ သူဟာ အသံလုံးဝ မထွက်နိုင်သလို ပါးစပ်ကလည်း အစားလည်းလုံးဝစားလို့မရပါဘူး၊ သူအသက်ရှုဖို့အတွက် ပြွန်ချောင်းတစ်ခုနဲ့ ဆက်သွယ်ပေးထားရပါတယ်။
 
မိခင်ဝမ်းထဲက ကျွတ်ပြီး ၁၅ မိနစ်လောက်ထိ သူအသက်ရှုလို့မရပဲ လူ့ဘဝကို အခက်ခဲဆုံးအခြေအနေနဲ့ စတင်ခဲ့ရပါတယ်။ ဆရာဝန်တွေက ဒီကလေးအသက်ရှင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ အသက်ရှင်ခဲ့ရင်တောင် လမ်းလျှောက်နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။
 
ဒါပေမယ့် သူ့ရဲ့မိခင်ဖြစ်တဲ့ Tarah က ကလေးဟာ ၁၅ မိနစ်လောက် အသက်ရှုလို့မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာတောင် ဆက်အသက်ရှင်နိုင်ခဲ့တယ်ဆိုရင် သူ့မှာ ဘဝတန်ဖိုး တစ်ခုခုတော့ရှိမှာ သေချာတယ်လို့ ယုံကြည်ခဲ့ပါတယ်။
 
 
သူဟာ စကားမပြောနိုင်ပေမယ့် အသံကြားနိုင်တယ် တွေးတောနိုင်တဲ့ အရည်အချင်းတွေကို အသုံးချပြီး ဘဝတိုက်ပွဲဝင်ခဲ့ပါတယ်။ သီချင်းတွေကို နားထောင်တတ်လာပြီး Rap ဂီတကို နှစ်သက်လာကာ သူ့ရဲ့ခံစားချက်တွေ အားလုံးကို ကဗျာတွေ ရက်ပ်သီချင်းတွေ အဖြစ် ရေးသားပြောင်းလဲခဲ့ပါတယ်။ လူတွေနဲ့ သူ့ရဲ့ကြားက တစ်ခုထဲသော ဆက်သွယ်နည်းက စာရေးခြင်းပဲဖြစ်ပါတယ်။ သူပြောချင်တဲ့အကြောင်းအရာတွေကို စာနဲ့ပဲ ရေးပြလို့ရပါတယ်။
 
ရက်ပ်အဆိုတော် Trap House က Isaiah Acosta ကိုတွေ့ပြီးတဲ့အချိန်မှာ ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Isaiah Acosta ရေးထားတဲ့ သီချင်းတွေကို သူ့ရဲ့ကိုယ်စား Trap House က သီဆိုပေးရင်းနဲ့ Isaiah Acosta ဟာ လူတွေအသိအမှတ်ပြုတဲ့ စကားမပြော၊ အသံမထွက်နိုင်တဲ့ ရက်ပ်ဂီတသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
 
 
တဖြည်းဖြည်း လူသိများလာတဲ့ Isaiah Acosta က သူ့အသံမထွက်နိုင်ပေမယ့် ခံစားချက်တွေနဲ့လည်း လူတွေကို ကူညီလို့ရတယ်ဆိုတာ သိလာခဲ့ပါတယ်။ မိခင်နဲ့ကလေးစောင့်ရှောက်ရေး ဆေးရုံတွေအတွက် အလှူငွေတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
 
သိပ်မကြာခင်ကမှ ထွက်ထားပြီး လူကြိုက်များခဲ့တဲ့ “Oxygen to Fly” ဆိုတဲ့ သီချင်းမှာ Isaiah Acosta က စာသားတွေသာမက ၊ Beat တွေ မြူးဇစ်ဖန်တီးတာတွေ အစအဆုံးနီးပါး ပါဝင်ပက်သက်ဖန်တီးခဲ့တယ်လို့ Trap House က ဆိုပါတယ်။
 
 
Trap House နဲ့ Isaiah Acosta တို့ ပူးပေါင်းပြီး သီချင်းတွေ အများကြီးလုပ်ဖို့ ရှိနေပေမယ့် ကံမကောင်းစွာနဲ့ပဲ Trap House ဟာ ပန်ကရိယကင်ဆာနဲ့ ယခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
 
ဒါက Isaiah Acosta အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Trap House မကွယ်လွန်မီ သူ့ကို မှာခဲ့တဲ့အတိုင်း ရက်ပ်ဂီတလောကထဲမှာ ဆက်လက် ရှင်သန်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဖန်တီးထားခဲ့ပြီး မထွက်ရသေးတဲ့ ရက်ပ်သီချင်းတစ်ပုဒ်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။
 
 
Isaiah Acosta ဟာ အားလုံးမျှော်လင့်ထားကြတဲ့ ပုံမှန်ရက်ပ်ပါတွေလို စင်ပေါ်မှာ ကိုယ်တိုင် သီချင်းမဆိုနိုင်ပေမယ့် သူ့ရဲ့ခံစားချက်တွေ သူဆိုချင်တဲ့ သီချင်းတွေကို အခြားနည်းလမ်းတစ်ခုနဲ့ ပြန်လည်ဖော်ထုတ်ပြတဲ့ မေးရိုးမရှိ၊ အသံမထွက်နိုင်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ပါတယ်။
 


Follow us on