1. Home
  2. Special or Others

ဘီနင်နိုင်ငံမှာကျင်းပ ပြုလုပ်တဲ့ Benin International Series 2019 ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွပ်ခူးခဲ့တဲ့ သက်ထားသူဇာ

Special or Others ก.ค. 01, 2562 view 2,284
မြန်မာ ဂုဏ်ဆောင် ကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာဟာ နိုင်ဂျီးရီးယား နိုင်ငံ  ဘီနင်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Benin International Series 2019  ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ချန်ပီယံ ဆုတံဆိပ်ကို ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို ဇွန်လ (၂၄) ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာတော့ ပီရူးအားကစားမယ် ဒန်နီရယ်လာ မာစီယက်စ်ကို (၁၇-၂၁) ၊ (၂၁-၁၈) ၊ (၂၁-၁၄) နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒီပြိုင်ပွဲမတိုင်ခင် ယခုလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ Mauritius International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်း သက်ထားသူဇာက ဖင်လန်နိုင်ငံသူ အီရီမစ်ကာလာကို အနိုင်ယူပြီး ချန်ပီယံဆုတစ်ခုကို ရယူနိုင်ခဲ့ပြီး ယခုလအတွင်းကစားခဲ့တဲ့ International Series ပြိုင်ပွဲ (၂) ခုလုံးမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့တဲ့ Uganda International Series ပြိုင်ပွဲ နဲ့ Kenya International Future Series ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုတွေကို ရယူထားနိုင်ခဲ့တာကြောင့် သူ့အတွက်တော့ ယခုရယူနိုင်ခဲ့တဲ့ ချန်ပီယံဆုနဲ့ပါဆိုရင် (၂၀၁၉) ခုနှစ်တွင်းမှာ အဓိက ဆုတံဆိပ် (၄) ခုထိရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ညီမ အရမ်းပျော်တယ်။ ဒီနေ့က ညီမနေ့စဉ် ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုခံရတဲ့နေ့ပါပဲ။ ညီမလိုပဲ အစ်ကိုတို့ အစ်မတို့ မောင်လေး၊ ညီမလေးတို့လည်းတနေ့တာကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါနော်။ အမြဲအားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ” လို့ သက်ထားသူဇာက သူမ၏ဖေ့ဘုတ်စ်မှတဆင့် ပြောကြားခဲ့ပါတယ်။

သက်ထားသူဇာဟာ ၂၀၁၈ခုနှစ်အတွင်းကလည်း Egypt International Series 2018 မှာချန်ပီယံ ဖြစ်ခဲ့သူဖြစ်လို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲ ၃ ရပ်မှာ မြန်မာ့အားကစား လောကအတွက် ဂုဏ်မြှင့်တင်ပေးနိုင်သူဖြစ်ပါတယ်။ နှစ်ပွဲဆက် အောင်မြင်မှုတွေကြောင့် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၈၁ ကနေ ၁၁၄ အထိ တက်လာခဲ့သူဖြစ်ပြီး လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရအောင် ပစ်မတ် ထားနေတယ်လို့ သိရပါတယ်။
 
သက်ထားသူဇာ နိုင်ငံတကာ အောင်မြင်မှု
 
Benin  International Series 2019 ချန်ပီယံ
 
Uganda International Series 2019 - ချန်ပီယံ
 
Kenya International Series 2019 - ချန်ပီယံ
 
Egypt International Series 2018 - ချန်ပီယံ
 
Nepal International Series 2018 - ဒုတိယ
 
Iran International Series 2018 - တတိယ

 



Follow us on