တောင်ကိုးရီးယား နာမည်ကျော် ရုပ်သံလိုင်း tvN မှ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ search:www ဇာတ်လမ်းတွဲဟာဆိုရင် လူထုပရိတ်သတ်တွေအကြား ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လူမှုကွန်ယက်၊အင်တာနက် ရှာဖွေရေး ဆာဗာဝက်ဘ်ဆိုဒ် ကုမ္ပဏီများအကြောင်း ရိုက်ကူးပြသထားတာဖြစ်ပြီး အင်တာနက်က လူထုကို နေရာတိုင်းမှာ လိုအပ်တာထက်ပိုပြီး လွှမ်းမိုးထားကြောင်း ကို တင်ဆက်ပြသထားတာဖြစ်ပါတယ်။ Search: www ဇာတ်ကားရဲ့ အကျဉ်းချုပ်နဲ့ ရည်ရွက်ချက်က ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Baek Ta mi အမည်ရတဲ့ အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ Unicon အမည်ရတဲ့ နာမည်ကျော် ရှာဖွေရေး ဆာဗာဝက်ဘ်ဆိုဒ်မှာ ဆိုရှယ်ဌာနမှူးအဖြစ် အောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာပြီး သူမရဲ့ ထက်မြက်မှုတွေကြောင့် အောင်မြင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်လာပါတယ်။ Unicon ကုမ္ပဏီနဲ့ ပြိုင်ဘက် ကုမ္ပဏီကတော့ Baro ဖြစ်ပြီး Unicon နည်းတူ ရှာဖွေရေး ဆာဗာ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သာမန်ဇာတ်ကားတွေနဲ့မတူပဲ မင်းသမီးတွေကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်မင်းသမီးတွေအဖြစ် Im Soo Jung , Lee Da Hee, Jang Ki Yong နဲ့ မင်းသမီးကြီး Jun Hyejin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
“ကျွန်မတို့ရဲ့ တစ်နေ့တာဟာ ရှာဖွေမှုတွေနဲ့ စတင်ပြီး ရှာဖွေမှုတွေနဲ့ပဲအဆုံးသတ်ပါတယ်” ဆိုပြီး ဇာတ်လမ်းရဲ့ အစမှာပြောထားပါတယ်။ အဓိပ္ပါယ်ကတော့ ယနေ့ခေတ် လူအများစုဟာ အင်တာနက်ကို အားကိုးအားထားပြုလာကြတယ်၊ မသိတာရှိရင် အင်တာနက်မှာပဲရှာကြတယ်၊ ပြင်ပမှာ အနီးစပ်ဆုံး ဆက်သွယ်ရမယ့် အရာတွေကို မေ့လျော့နေပြီး အင်တာနက်ပေါ်မှာ အချိန်ကုန်ဆုံးကြပုံကို အခြေခံထားတာဖြစ်ပါတယ်။
အင်တာနက်ရဲ့ လွှဲမှားမှုတွေကြောင့် လူဘယ်နှစ်ဦးရဲ့ ဘဝတွေပျက်စီးပြီးပြီလဲ? လူဘယ်နှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးပြီလဲ? ယနေ့ခေတ်လူတွေ ခင်ဗျားတို့ ကျွန်တော်တို့ဟာ အင်တာနက်ရဲ့ သားကောင်တွေဖြစ်နေတယ်ဆိုတာ ရိုက်ကူးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ အင်တာနက်မှာ ဗဟုသုတွေကို လေ့လာဖို့နဲ့ စာပေလေ့လာဖို့ ရုပ်ရှင်ကြည့်နိုင်ဖို့ အစရှိသဖြင့် ကောင်းကျိုးတွေလဲ ရှိနိုင်ပေမယ့် ဆိုးကျိုးတွေလဲ အများအပြားရှိကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
လက်ရှိမှာ search:www ရုပ်သံဇာတ်လမ်းတွဲဟာ ထုတ်လွှင့်နေဆဲဖြစ်ပြီး ကြည့်ရှုသူ အများအပြားရရှိထားတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။
Source-tvNDrama
(ပိုပိုလေး)