မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦး၏ မူးယစ်ဆေးဝါးအမှုကို ဗဟန်းတရားရုံးတွင် စက်တင်ဘာ ၁ ရက်က ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဟစ်ဟော့ပ်အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦး ရုံးထုတ်သည့် စက်တင်ဘာ ၁ ရက် ရုံးချိန်းတွင် ရမန်နှစ်ပတ် ယူခဲ့ကြောင်း သိရသည်။ ဗဟန်းမြို့နယ် ဗိုလ်ချို ၂ ရပ်ကွက်၊ နတ်မောက်လမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင် သြဂုတ် ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့များအနေဖြင့် လမ်းပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် ယာဉ်များအား တားဆီးစစ်ဆေးမှုများ ပြုလုပ်နေစဉ် Hip Hop အဆိုတော် X-Box နှင့် ၎င်း၏ သူငယ်ချင်းသုံးဦးတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လည်း ရောက်ရှိလာသဖြင့် တားဆီးစစ်ဆေးရာမှ ယာဉ်ပေါ်တွင် ဆေးခြောက်များတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ရမန်ကြီး နှစ်ပတ်ယူတာပေါ့။ အခု လောလောဆယ် သူတို့ကို အင်းစိန်ထောင်မှာပဲ ထိန်းသိမ်းထားပါတယ်။ နောက်ရုံးချိန်းကျရင်တော့ တရားလိုကို တရားရုံးက စစစ်မှာပေါ့။ အဲဒါကတော့ တရားရုံးအပိုင်းဖြစ်သွားပြီ” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်၏ ပြောကြားချက်အရ သိရသည်။ အဆိုတော် X-Box သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် မြန်မာ့ဂီတဆုပေးပွဲတွင် လူငယ်ကြယ်ပွင့်ဂီတဆုကို “အမြဲအသစ်” တေးသီချင်းဖြင့် ဆုတံဆိပ် ဆွတ်ခူးရရှိထားသူ ဖြစ်သည်။
#Eleven Media Group