Triple X ၊ Fast & Furious ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ ပိုမိုလူသိများ အောင်မြင်ကျော်ကြားခဲ့တဲ့ အက်ရှင်မင်းသားကြီး Vin Diesel ဟာ ဇူလိုင်လ ၂၂ ရက်နေ့ (မနေ့က)ရိုက်ကူးနေတဲ့ Fast & Furious 9 ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်မှာ စတန့်လုပ်ရင်း အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ပါတယ်။
အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ စွန့်စားခန်းအက်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပေမယ့် အခုလို မျက်စိရှေ့မှာ စတန့်လုပ်ရင်း အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှုမျိုးဖြစ်တာကို မကြုံဖူးပါဘူး။
သူသရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းပြီးလို့ ရိုက်ကွင်းက ပြန်ထွက်လာပြီး စက္ကန့်ပိုင်းမှာတင် စတန့်အခန်းရိုက်ကူးဖို့ ပြင်ဆင်နေချိန်မှာ စတန့်သမားက ပေ ၃၀ အမြင့်ကနေ ခြေလွတ်လက်လွတ် မြေပြင်ပေါ်ကို ခေါင်းနဲ့ သူ့ရှေ့မျက်စိရှေ့မှာတင် ပြုတ်ကျသွားတာကို တွေ့လိုက်ရပါတယ်။
မင်းသားကြီးက အရမ်းထိတ်လန့်သွားပြီး စိတ်မကောင်းလွန်းလို့ မျက်ရည်တွေတောင် အလိုလိုကျလာတယ်လို့ The Sun သတင်းဌါနကို ဖြေကြားခဲ့ပါတယ်။
အမည်ဖော်ပြထားခြင်းမရှိတဲ့ စတန့်သမားဟာ အလွန်မြင့်တဲ့ လေသာဆောင်ပေါ်ကနေ ခုန်ချတဲ့အခန်းကို ရိုက်ကူးခဲ့ပါတယ်၊ ပုံမှန်အားဖြင့် အသက်ကယ်သံမဏိကြိုးချိပ်ထားပြီး မြေပင်ပေါ်မကျပဲ တန်းလန်းဖြစ်နေရမယ့်အစား အောက်ကို တောက်လျှောက်ပြုတ်ကျလာပြီး မြေပြင်နဲ့ ဦးခေါင်းရိုက်မိသွားခဲ့ပါတယ်။
စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံကို ဟယ်လီကော်ပတာနဲ့ ပို့ဆောင်ခဲ့ပါတယ်။ ရိုက်ကွင်းနေရာဟာ ဆက်တင် အသစ်လုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကွင်းကို ခေတ္တပိတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရှိရသည်။