1. Home
  2. Special or Others

အွန်လိုင်းပေါ်ကနေ ဈေးရောင်းရင်း ၄ နှစ်အတွင်း အသက်အငယ်ဆုံး ဘီလီယံနာဖြစ်လာသူ

Special or Others ก.ย. 10, 2562 view 1,605
၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ဘီလီယံနာ စာရင်းမှာ “ကိုင်လီ ဂျန်နာ” ဆိုတဲ့ မိန်းကလေးက အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဘီလီယံနာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ “ကိုင်လီ” ဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့သူမဟုတ်ပဲ။ ဘီလီယံနာဖြစ်လာအောင် သူမကိုယ်တိုင် ရုန်းကန် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။
 
အလှပြင်ပစ္စည်းတွေကို စျေးဝယ်စင်တာတွေမှာ ကိုယ်တိုင်ဝင်ထွက် ရောင်းချခဲ့ရသလို ဆိုရှယ်မီဒီယာ အွန်လိုင်းပေါ်ကနေလည်း ရောင်းချခဲ့ရာမှ ၄ နှစ်အတွင်းမှာ အသက်အငယ်ဆုံး ဘီလီယံနာစာရင်းဝင် ဖြစ်လာခဲ့ပါတယ်။
 
 
‘Kylie Cosmetics’ အမှတ်တံဆိပ် သူ့ကိုယ်ပိုင်ဘရန်းကို ၂၀၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ လုပ်ငန်းအစမှာ သူမအပါအဝင် အမြဲတမ်းဝန်ထမ်း ၇ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၅ ဦးတို့နဲ့သာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အလှပြင်ပစ္စည်း ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုအပိုင်းကိုတော့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေအတွက် ထုတ်လုပ်ပေးနေတဲ့ Seed Beauty မှာ အလုပ်အပ်ခဲ့ပါတယ်။ 
 
ထွက်လာတဲ့ ‘Kylie Cosmetics’ တွေကို အွန်လိုင်းစျေးဆိုင်ဖြစ်တဲ့ Shopify မှာ တင်ရောင်းခဲ့ပါတယ်။ သူမရဲ့ ငွေရေးကြေးရေးစီမံခန့်ခွဲမှုကို မိခင်ဖြစ်တဲ့ ‘Kris’ က အမြတ်ရဲ့ ၁၀% ယူပြီး စီစဉ်ဆောင်ရွက်ပေးပါတယ်။
 
‘Kylie Cosmetics’ ရဲ့ စျေးကွက်မြှင့်တင်ရေးတွေကို ဆိုရှယ်မီဒီယာတွေပေါ်ကနေပဲ အများဆုံးပြုလုပ်ခဲ့ပါတယ်။ “ဂျန်နာ”ဟာ အလှကုန်တွေ အသစ်ထွက်တိုင်း အွန်လိုင်းပေါ်ကနေ အသိပေးကြေညာပြီး သူမကိုယ်တိုင် ဗြူတီဘလောက်ခ်ကာလုပ်ကာ စမ်းသပ်သုံးစွဲပြခဲ့ပါတယ်။
 
 
အဲဒီအတွက် သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်၊ တွစ်တာ၊ အင်စတာဂရမ်တို့မှာ ဖော်လိုဝါ ၁၇၅ သန်းကျော်ရှိလာပြီး အဲဒီအင်အားကို အသုံးချကာ အရောင်းမြှင့်တင်ခဲ့တာဖြစ်ပါတယ်။
 
ပထမဦးဆုံး သူမရဲ့ အလှကုန်တွေကို Ulta Beauty စတိုးကနေ ရောင်းချခဲ့ပါတယ်။ ယခင်က အွန်လိုင်းပေါ်ကနေ ရုပ်သံနဲ့အတူ စမ်းသပ်သုံးစွဲပြီး ကြောညာခဲ့တာကြောင့် စတင်ရောင်းချတဲ့အချိန်မှာတော့ တစ်မိနစ်အတွင်းမှာပဲ ပစ္စည်းတွေ ပြတ်သွားတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။
 
“ကျွန်မတို့ မှန်းထားတာထက်တောင် မြန်မြန်ကြီး ရောင်းလို့ကုန်သွားတယ်” လို့ Ulta ရဲ့ ဒုဥက္ကဋ္ဌ Tara Simon ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ပါတယ်။ ‘Kylie Cosmetics’ တွေဟာ အခြားဘရန်းတွေထက် စျေးနှုန်းချိုသာပြီး နှုတ်ခမ်းအလှပြင်ပစ္စည်းတစ်စုံကိုမှ ၂၉ ဒေါ်လာ နဲ့သာ ရောင်းချတာကြောင့် ဆယ်ကျော်သက်လေးတွေအတွက် သင့်တော်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။
 
ဒါ့အပြင် အကြွေးဝယ်ကဒ် မရှိလို့ အွန်လိုင်းကနေ ဝယ်လို့မရသူတွေအတွက် လက်ငင်းဝယ်နိုင်အောင် စတိုးဆိုင်ခွဲတွေမှာ ပစ္စည်းတွေတင်ရောင်းခဲ့ပါတယ်။
ဒီလိုနဲ့ သူမရဲ့ ‘Kylie Cosmetics’ တွေဟာ တစ်နှစ်အတွင်း ဒေါ်လာ ၃၀၇ သန်းဖိုး ရောင်းချခဲ့ရပါတယ်။
 
၂၀၁၈ ခုနှစ်မှာ သူမရဲ့ ရောင်းအားတွေ တက်လာပြီး ဝင်ငွေ ၉% (ဒေါ်လာ ၃၆၀ မီလီယံ)ထိ တိုးလာခဲ့ပါတယ်။ “ဂျန်နာ” ရဲ့ ကုမ္ပဏီဟာ ဒေါ်လာ ၉၀၀ မီလီယံ တန်မယ်လို့ ခန့်မှန်းထားပြီး ဒီကုမ္ပဏီကို သူမတစ်ဦးတည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
 
အသက် ၂၁ နှစ်သာရှိသေးတဲ့ “ကိုင်လီ ဂျန်နာ” ဟာ ၂၀၁၉ ခုနှစ်မှာ ပိုင်ဆိုင်မှု ၁ ဘီလီယံနဲ့ Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ ဘီလီယံနာစာရင်းမှာ အသက်အငယ်ဆုံး ဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
 
အသက် ၂၁ နှစ်နဲ့ ဘီလီယံနာ ဖြစ်လာတဲ့ သူမဟာ ဖေ့စ်ဘွခ်တည်ထောင်သူ “မာ့ခ်ဇူကာဘတ်” ရဲ့ ဘီလီယံနာစာရင်းဝင်တဲ့ အသက် ၂၃ နှစ်ကိုပါ စံချိန်ချိုးသွားနိုင်ခဲ့ပါတယ်။ 
 
 
လက်ရှိမှာတော့ သူမရဲ့ အလှပြင်ပစ္စည်းရောင်းချမှု ဈေးကွက်ကို ချဲ့ထွင်ဖို့ကြိုးစားနေပြီး နောက်ထပ် အလှပြင်ပစ္စည်းအသစ်တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
 
(ပိုပိုလေး)
 


Follow us on