၉၀ ခုနှစ်နောက်ပိုင်းတွေမှာ သီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့တဲ့အဆိုတော်တစ်ဦး၊ ဆိုညည်းလို့ကောင်းတဲ့ သီချင်းအေးအေးလေးတွေရဲ့ ဖန်တီးရှင် ကိုမျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ က FG Live Lounge နဲ့အတူ ပရိတ်သတ်ရှေ့တော်မှောက် ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။
မျိုးကျော့မြိုင်ဟာ MRTV-4 ကရိုက်ကူးတင်ဆက်တဲ့ FG Live Lounge အစီအစဉ်မှာ တစ်ချိန်တုန်းက ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ သီချင်းတော်တော်များများကို သီဆိုပေးခဲ့ပါတယ်။
တစ်ချိန်တုန်းက အရမ်းလူကြိုက်များခဲ့တဲ့ “အချစ်သီချင်း” အဖွဲ့သားတွေကို အခုလို စုံစုံလင်လင်နဲ့ ပြန်လည်မြင်တွေ့ရတာဟာ ပရိတ်သတ်တွေအတွက်တော့ ဝမ်းသာစရာ ကိစ္စရပ်တစ်ခုပါပဲ။
မျိုးကျော့မြိုင်ရဲ့ FG Live Lounge ပွဲမစတင်မီ အက်ဆစ်အဖွဲ့ဝင်များဖြစ်ကြတဲ့ အနဂ္ဂနဲ့ ရန်ရန်ချန်း တို့ကလဲ လာရောက်အားပေးခဲ့ကြပြီး မိန်းကလေး အဆိုရှင်များဖြစ်ကြတဲ့ Jewel နဲ့ ချမ်းမြေ့မောင်ချိုတို့ကလဲ “အချစ်ရှိသော နေ့စွဲများ” ကို ဖျော်ဖြေပြီး အားဖြည့်ပါဝင်ခဲ့ကြပါသေးတယ်။
ပရိတ်သတ်တွေက သူ့သီချင်းစာသားတွေ ခုထိ မမေ့သေးတာကြောင့် ကျေးဇူးအရမ်းတင်ပါတယ်လို့ မျိုးကျော့မြိုင်က FG Live Lounge ရဲ့ အင်တာဗျူးမှာ ပြောပြလာပါတယ်။
FG Live Lounge ရဲ့ တင်ဆက်ပေးမှုတွေကြောင့် ပရိတ်သတ်အများစုဟာ သူတို့ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေကို အနီးကပ် သိမြင်ခံစားကြည့်ရှုလာနိုင်ကြတာပဲဖြစ်ပါတယ်။ ဒီလို အစီအစဉ်ကောင်းလေးတွေ မြန်မာပြည်မှာ အများကြီးရှိလာဖို့ မျှော်လင့်မိပါတယ်။
Ref:FG Live Lounge
(ပိုပိုလေး)