Apple ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေဟာ အင်မတန်စျေးကြီးတယ်လို့ နာမည်ကျော်ပါတယ်။ ဒီလောက်စျေးကြီးတဲ့ ပစ္စည်းတွေကို ကြွားဝါချင်တဲ့သူတွေသာ သုံးကြတယ်လို့ အချို့ကလည်း ပြောကြပါတယ်။
တစ်ကယ်တော့ Apple ပစ္စည်းတွေက ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်စွာ နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေတဲ့ လုံခြုံရေးစနစ်တွေ အများကြီးရှိပါတယ်။ အမေရိကန်နိုင်ငံက ခရီးကြမ်းထွက်သူတစ်ယောက်ကတော့ Apple Watch ကြောင့်ပဲ နောက်တစ်ခါ အသက်ရှင်ခွင့်ရခဲ့ပြီး ဒီနာရီကပေးတဲ့ အသက်သာ ကျန်ပါတော့တယ်။
စက်တင်ဘာလ ၁၅ ရက်နေ့က ဝါရှင်တန်ပြည်နယ် စပိုကန် မှာရှိတဲ့ ပန်းခြံကြီးထဲမှာ တောင်တက်စက်ဘီးစီး စီးခဲ့တဲ့ Bob Burdett ဆိုသူဟာ စက်ဘီးပေါ်ကနေ နောက်ပြန်ပြုတ်ကျပြီး ဦးခေါင်းနဲ့ မြေပြင်ရိုက်မိကာ နေရာမှာတင် လုံးဝသတိလစ်မေ့မျောသွားပါတယ်။
သူသွားခဲ့တဲ့နေရာက လူသူအရောက်အပေါက်နည်းတဲ့နေရာမို့ သူ့ကိုလူတွေရှာတွေ့ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် သူဟာ Apple Watch ပတ်ထားခဲ့တဲ့အတွက် ကံကောင်းသွားခဲ့ပါတယ်။
Apple Watch က သူ့ရဲ့သားဖြစ်သူကို ပြင်းပြင်းထန်ထန် လိမ့်ကျသွားတဲ့အကြောင်း တည်နေရာမြေပုံနဲ့တစ်ကွ အလိုလျှောက် မက်ဆေ့ချ်ပို့သလို အရေးပေါ်နဲ့ ၁၁၉ တို့ကိုလည်း မက်ဆေ့ချ်ပို့ အကြောင်းကြားခဲ့ပါတယ်။

သားဖြစ်သူ ရောက်သွားတဲ့အချိန်မှာ သူ့အဖေက အဲဒီနေရာမှာ မရှိတော့ပါဘူး၊ အရေးပေါ်ကားက အရင်ရောက်လာပြီး ဆေးရုံခေါ်သွားနှင့်ပြီဖြစ်ပါတယ်။ ဒါကြောင့် Bob ဟာ Apple Watch ကြောင့် အသက်ရှင်ခဲ့ရပါတယ်။
Apple Watch 4 နဲ့ နောက်ပိုင်း မော်ဒယ်လ်တွေမှာ “Hard Fall” လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို ကြိုတင်ထည့်သွင်းပေးထားရုံနဲ့ တစ်ကယ်ဖြစ်တဲ့အခါ အခုလိုမျိုး အကြောင်းကြားပေးတဲ့အတွက် နည်းပညာတွေက လူ့အသက်ကို ကယ်တင်နိုင်လောက်အောင် အံ့မခမ်းတိုးတက်လာတာဖြစ်ပါတယ်။