မြို့တော် တိုကျိုမြောက်ဘက်မှ လူ ၆၅၀၀၀ ခန့်နေထိုင်သော ဂျိုဆိုမြို့ရှိ ကင်နူဂါဝါမြစ်မှ ရွှံ့ရေလှိုင်းလုံး လျှံတက်လာမှုကို ရုပ်သံများက ထုတ်လွှင့်ပြသခဲ့သည်။ စက်တင်ဘာ ၁၀ ရက်၌ မြို့တစ်မြို့ ရေလွှမ်းမိုးမှုခံခဲ့ရပြီး အိမ်များနှင့်ကားများ ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းမြို့မှ လူထောင်နှင့်ချီကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရချိန်တွင် ထိတ်လန့်နေသော ဒေသခံများကလည်း အကူအညီများကို အသည်းအသန် မျှော်လင့်နေကြသည်။
တိုင်ဖွန်းအီတာအူ တိုက်ခတ်ပြီးနောက် ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှု ခံခဲ့ရသော ဒေသများ၌ ဒေသခံများအား ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးများက ခက်ခဲစွာ ကြိုးပမ်းနေရစဉ် ဒေသအချို့တွင် ခါးလယ်အထိ ရေတက်ခဲ့ကြောင်း သိရပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်းများစွာ ပျောက်ဆုံးနေသည်ဟု သတင်းထွက်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ပျက်စီးနေသော ဖူကူရှီးမားနျူစက်ရုံ၌ ဖြစ်ပေါ်နေသော ညစ်ညမ်းစွန့်ပစ်ရေ ပြဿနာကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရသည်။ ဂျပန်အစိုးရက ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းရေးကို အရေးကြီးဆုံးအဖြစ် သတ်မှတ်ပြီး သဘာဝဘေး အန္တရာယ်ကို အကောင်းဆုံးတုံ့ပြန် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
ဂျိုဆိုမြို့တွင် မြစ်ရေလျှံမှုကြောင့် အိမ်များနှင့် ကားများအပါအ၀င် ဓာတ်အားပေးလိုင်း အချို့သည် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။ ကြံရာမရ ဖြစ်နေသော ဒေသခံများကလည်း ဒုတိယထပ် လသာဆောင်များ ပေါ်တွင်ရပ်ပြီး ပုဝါများ ဝှေ့ယမ်းလျက် အကူအညီများ တောင်းခံခဲ့ကြသည်။ ဂျိုဆိုမြို့သည် တိုကျိုအပြင်ဘက်မှ ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာတွင် တည်ရှိသည်။ ဂျိုဆိုမြို့ပါဝင်သော အီဘာရာကီစီရင်စုတွင် ရွှံ့မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက အထူးသတိပေးချက် ထုတ်ပြန်ခဲ့သည်။ တိုချီဂီစီရင်စုတွင်လည်း အလားတူ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တိုချီဂီ အာဏာပိုင်များက ဒေသခံ ၉၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည်။ အခြားလူ ၁၁၆၀၀၀ ကိုလည်း နေအိမ်များမှစွန့်ခွာကြရန် ညွှန်ကြားထားကြောင်း အစိုးရရုပ်သံ NHK က ထုတ်လွှင့်ခဲ့သည်။
အီဘာရာကီစီရင်စုတွင်မူ လူ ၂၀,၀၀၀ ထက် မနည်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း သိရသည်။ တိုင်ဖွန်းအီတာအူသည် ဂျပန်သို့ စက်တင်ဘာ ၉ ရက်တွင် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းနေ့နှောင်းပိုင်း၌ ဂျပန်ပင်လယ် (အရှေ့ပင်လယ်) သို့ ဦးတည်ထွက်ခွာ ခဲ့ကြောင်း သိရသည်။ ယင်းမုန်တိုင်းကြောင့် အသက် ၇၇ နှစ်ရှိ အမျိုးသမီးတစ်ဦး အပါအ၀င် လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ #news – eleven.com