မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲ တီဗီအစီစဉ်တွေထဲမှာ Myanmar Idol က ထိပ်ဆုံးက ရပ်တည်နေတဲ့ အအောင်မြင်ဆုံး Tv Program တစ်ခုဆိုရင် မမှားပါဘူး။ ရုပ်သံလိုင်းတွေမှာ ပြသခဲ့တဲ့ အချို့သီချင်းဆိုပြိုင်ပွဲ အစီစဉ်တွေဟာ နောက်ထပ်ရှေ့မဆက်နိုင်ပဲ ကျဆုံးနေချိန်မှာ Myanmar Idol ကတော့ အောင်လံတလူလူနဲ့ Season 4 အထိ ရွက်လွှင့်နိုင်ခဲ့ပါပြီ။
အခုလို သူများတွေနဲ့မတူပဲ အစီစဉ်အောင်မြင်နေတဲ့ လျှို့ဝှက်ချက် ရှိနေပါတယ်။ များများစားစားတော့ မဟုတ်ပါဘူး တစ်ချက်ထဲပါ။ အဲဒါကတော့ Myanmar Idol အစီစဉ်ကို ဦးဆောင်နေသူတွေရဲ့ ပြိုင်ပွဲဝင်တွေနဲ့ ရုပ်သံကြည့် ပရိသတ်အပေါ်ထားတဲ့ စေတနာတွေကြောင့်ဖြစ်ပါတယ်။ ရုပ်သံလိုင်းတွေဟာ စီပွားရေးအရ နိုင်ငံခြားက အောင်မြင်နေပြီးသား အစီစဉ်တွေကို လိုင်စင်ဝယ်ယူကာ ရိုက်ကူးကြရတဲ့အတွက် ငွေကြေးကုန်ကျမှု များစွာရှိပါတယ်။
အဲဒီအတွက် ကြော်ငြာတွေ စပွန်ဆာကုမ္ပဏီတွေရဲ့ အကူညီနဲ့အတူ ခရီးဆက်ကြရပါတယ်။ ဒါပေမယ့် ရလာတဲ့ အကျိုးအမြတ်ကို Myanmar Idol အဖွဲ့အစည်းတစ်ခုထဲကပဲ သိမ်းကျုံး အိတ်ထဲထည့်မသွားပဲ ပြိုင်ပွဲဝင်တွေနဲ့ အတူတူဝေမျှပြီး Myanmar Idol မှာ ယှဉ်ပြိုင်နေစဉ် ကာလတစ်ခုလုံး မိသားစုသဖွယ် ကူညီစောင့်ရှောက်မှုတွေ ရှိပါတယ်။
သီချင်းပြိုင်ပွဲအစီစဉ်အချို့မှာတော့ နောက်ဆုံး WINNER တစ်ဦးတည်းကသာ ဆုကြေးအားလုံး သိမ်းပိုက်သွားပြီး 1 Runner-Up၊ 2 Runner-Up အဆင့်ထိရောက်အောင် ရေကုန်ရေခမ်းကြိုးစားခဲ့သူတွေအတွက်တော့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့ပါတယ်။
ဒီလိုသီချင်းဆိုပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တိုင်းရဲ့ ဘဝက သာယာနေကြတာတော့ မဟုတ်ပါဘူး။ အချို့ပြိုင်ပွဲဝင်တွေဆိုရင် သူတို့ရဲ့ စီးပွားရေး၊ အလုပ်အကိုင်၊ မိသားစု စတာတွေကို ချန်ထားခဲ့ရပြီး လနဲ့ချီကြာ အချိန်ပေးကာ ယှဉ်ပြိုင်ခဲ့ပေမယ့် WINNER မဖြစ်ခဲ့ဖူးဆိုရင် ဆုံးရှုံးမှု အရင်းနှီးက ကြီးလွန်းပါတယ်။
Myanmar Idol အစီစဉ်မှာတော့ Top List ထဲကို ဝင်ပြီဆိုကတည်း ပြိုင်ပွဲဝင်တွေအတွက် မက်လောက်စရာ အဖိုးတန်လက်ဆောင်တွေက စောင့်ကြိုနေပါပြီ။ နောက်ဆုံး Grand Final ရောက်သည့်တိုင် အဆင့်လိုက် ထိုက်တန်တဲ့ ဆုကြေးတွေ ရှိနေတာကြောင့် ပြိုင်ပွဲဝင်တွေအတွက် နစ်နာမှုဆိုတာ မရှိသလောက်ပါပဲ။ ဒါ့အပြင် Skynet က လုပ်တဲ့ ရုပ်သံအစီစဉ် ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ခွင့်ရကြတာက ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်ရှင်သန်ဖို့ ပြိုင်ပွဲဝင်တွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။
Myanmar Idol အစီစဉ်ဟာ စီပွားရေးမဆန်ပဲ ပြိုင်ပွဲဝင်တွေအပေါ် ရပိုင်ခွင့်တွေ မျှတစွာစီစဉ်ပေးနိုင်ခြင်းက အောင်မြင်မှုကို အထွဋ်အထိပ်ရောက်စေပြီး ပရိသတ်တွေ တခဲနက်အားပေးရတဲ့ အဓိကအချက် တစ်ချက်ပဲဖြစ်ပါတယ်။ Myanmar Idol ကနေ အဆိုရှင်များစွာ မွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။