
ဒိုင်လူကြီးတွေအပေါ် မကျေနပ်မှုတွေ၊ ပြိုင်ပွဲဝင်တွေအချင်းချင်းကြားမှာ အဖုအထစ်လေးတွေနဲ့ ဆူညံပွက်လောရိုက်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ MasterChef Myanmar Season 2 ဟာ လာမယ့်အပတ် တနင်္ဂနွေနေ့မှာတော့ WINNER တစ်ယောက် ပေါ်ထွက်လာပါတော့မယ်။
Grand Final ကို တက်သွားခဲ့တဲ့ ပြိုင်ပွဲဝင် ‘အာကာ’ နဲ့ ‘နေအောင်’ ရဲ့ ကြားမှာ အပြိုင်ဆိုင် အနိုင်လိုချင်စိတ်တွေ ပြင်းထန်နေကြပြီး ပြိုင်ပွဲတစ်လျှောက်လုံး မကျေလည်တဲ့ အဖုအထစ်တွေလည်း ရှိနေပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲအပြီးမှာ Top 3 ထဲက ‘ရွှန်းရွှန်းအောင်’ တစ်ယောက် MasterChef Kitchen ကို နှုတ်ဆက်ထွက်ခွာပြီး အိမ်ပြန်ခဲ့ရပါတယ်။ သူကိုယ်တိုင်က ဆက်မပြိုင်ချင်စိတ်မရှိတော့တဲ့အတွက် အခုလို အိမ်ပြန်ရတဲ့အပေါ် ဘာမှခံစားချက် မဖြစ်ဖူးလို့ ‘ရွှန်းရွှန်းအောင်’ က ဆိုပါတယ်။
ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ အင်တာဗျူးတွေမှာ စကားများများစားစားပြောလေ့မရှိပဲ၊ အကောင်းမြင်စိတ်နဲ့သာ ပြန်လည်ဖြေကြားတတ်တဲ့ ပြိုင်ပွဲဝင် ‘အာကာ’ က ဆီမီးဖိုင်နယ်လ်ရဲ့ Winner ရွေးချယ်မှုအပေါ် အကြီးအကျယ်စိတ်ပျက်ပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ မတရားတဲ့အတွက် ဆက်ပြီးယှဉ်ပြိုင်ချင်စိတ် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူ့သူငယ်ချင်းတွေအတွက် လက်တုံ့ပြန်ဖို့ စိတ်ကိုလျှော့ပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။
‘နေအောင်’ က ‘အာကာ’ ကို အင်တာဗျူးတစ်ခုမှာ ဘယ်သူအကောင်းဆုံး လုပ်ပြနိုင်မလဲလို့ နာမည်တပ်ပြီး စိန်ခေါ်ထားခဲ့ဖူးတာရှိပါတယ်။ ပြိုင်ပွဲအစကတည်းက ဒိုင်လူကြီးတွေ သဘောကျနှစ်ခြိုက်မှုရှိခဲ့ပြီး မကြာခဏ Winner ရလေ့ရှိတဲ့ ‘အာကာ’ က သူ့ရဲ့သူငယ်ချင်းတွေ ပြိုင်ပွဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားရအောင် လုပ်ခဲ့တဲ့ ‘နေအောင်’ ကို WINNER ဆု အရယူပြီး လက်တုံ့ပြန်မယ်လို့ မနေ့ညက အင်တာဗျူးမှာ ပြတ်ပြတ်သားသား စိန်ခေါ်လိုက်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ည MasterChef Myanmar ရဲ့ Grand Final ကတော့ ကြည့်လို့ကောင်းဦးမယ့် ပွဲကြီးဖြစ်ကောင်း ဖြစ်ပြီး ဘယ်သူက WINNER ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Video Credit: PyonePlay
comment