မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် တစ်ပေခွဲ မြင့်တက်နေပြီး လာမည့် ဇူလိုင်လ ဒုတိယအပတ်အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည် ) မန္တလေးဌာနခွဲမှ သိရသည်။
လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်အတွင်း ပေဝက်လောက်မြင့်တက်နေပြီး မန္တလေးမြို့တွင် မြစ်ရေများဆက်လက်မြင့်တက်လာနိုင်ကာ အမြင့်ဆုံးစိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း သိရသည်။ " စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ရှစ်ပေသာလိုတော့တယ် ၊ မန္တလေးမြို့မှာ ဇူလိုင်လရဲ့ဒုတိယအပတ်အကုန် တတိယအပတ်အကုန်လောက်မှာဆိုရင် နှစ်စဉ်နီးပါး စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရောက်ရှိတယ် " ဟု အဆိုပါဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မိုးကာလ၌ ရေကြီးရေလျှံမှု စသည့်သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့်အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့်မိသားစုအသုံးအဆောင်ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့် ပံ့ပိုးရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တို့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ်အဖြစ် ၁၉၇၄ခုနှစ်တွင် ၁၃၄၂စင်တီမီတာ၊ ဒုတိယအကြိမ်အဖြစ် ၂၀ဝ၄ခုနှစ်တွင် ၁၃၈၂စင်တီမီတာ၊ တတိယအကြိမ်အဖြစ် ၂၀၁၆ခုနှစ်တွင် ၁၃၂၅စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
Credit : နေသူရိန်လင်း
#popolay #popolaytv #news #Mandalay