1. Home
  2. Myanmar News

YPS ကတ် ၂ သိန်းကျော်စတင်ရောင်းချ ၊ စိတ်ပါဝင်စား၍ ဝယ်ယူသူများပြားနေ

Myanmar News ก.ค. 17, 2563 view 1,459

ရန်ကုန်မြို့ရှိ YBS ကားများတွင် ကတ်ဖြင့်ငွေပေးချေသည့် စနစ်ကို ဇူလိုင်လ ၂၁ ရက်တွင် စတင်မည်ဖြစ်ခြင်းကြောင့် ဇူလိုင် ၁၆ ရက်နေ့မှစ၍ Yangon Payment Service - YPS ကတ် ၂ သိန်းကျော်ဖြန့်ဝေရောင်းချရာ စိတ်ဝင်စားသူအများအပြား လာရောက်ဝယ်ယူလျက်ရှိကြောင်း ယင်းကတ်အရောင်းဆိုင်များမှစုံစမ်း သိရသည်။

"ဒီနေ့မှ စရောင်းတာပေါ့နော်။ စိတ်ဝင်စားလို့ လာမေးမြန်းပြီး ဝယ်သွားသူတွေလည်းများတယ်။ ဒီတစ်မနက်ကတည်းကို ကတ် ၄၀ ကျော်လောက်ရောင်းကုန်သွားပါပြီ"ဟု ကျောက်တံတားမြို့နယ် YPS ကတ်ရောင်းချနေသည့် G&G ဆိုင်အမှတ် ၃၃၇ မှအရောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။ YBS ဘတ်(စ်)ကားများပေါ်တွင် ကတ်ဖြင့်ငွေပေးချေသည့် YPS ကတ်များကို G&G စတိုးဆိုင် ၁၀၂ ဆိုင်နှင့် YPS Service Center ၃ ခုတွင် ကတ်တစ်ကတ်ကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး ငွေဖြည့်သွင်းခြင်းကို အနည်းဆုံး ၁၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

"ပထမဆုံး ဒီစနစ်စတင်စမ်းသပ်အသုံးပြု တဲ့အတွက်ကြောင့် သြဂုတ်လ ၁၅ ရက်အထိ ကတ်အတွင်း ငွေ ၅၀၀၀ ဖြည့်တင်းရင် YPS ငွေဖြည့်ကတ်တစ်ကတ်ကို အလကားပေးသွားမှာပါ။ ကတ်တွေက ဒီလထဲ ၂ သိန်းခွဲလောက် ဖြန့် ဝေထားပါတယ်"ဟု Asia Starmar Transport Intelligent ကုမ္ပဏီ တာဝန်ရှိသူ ဒေါ်ရီရီခင်ကပြောသည်။ ဘတ်(စ်)ကားစီးနင်းသူများသည် YPS ကတ်ကို အသုံးပြုမည်ဆိုပါက ဘတ်(စ်)ကားပေါ်တက်ရာတွင် အရှေ့တံခါး၌ တပ်ဆင်ထားသည့် BUS Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ဘတ်(စ်)ကား ပေါ်မှပြန်ဆင်းရာတွင်လည်း အနောက်တံခါး၌ တပ်ဆင်ထားသည့် BUS Validator စက်တွင် ထပ်မံထိပေးမှ စီးနင်းသည့်ခရီးစဉ်၏ ကျသင့်မှုနှုန်းထားကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : ကျော်သူ

#popolay #popolaytv #news #YPS #card #YBS



Follow us on