အခြေခံပညာအထက်တန်းအဆင့် အတန်းများ ဖွင့်လှစ်အပြီး အနည်းဆုံး တစ်လကြာမှအလယ်တန်း၊ မူလတန်းများ ဖွင့်လှစ်ရန် အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများကို ညွှန်ကြားထားသည်။ အခြေခံပညာအထက်တန်းအဆင့် အတန်းများကို ဇူလိုင် ၂၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အထက်တန်းအဆင့်အတန်းများ ဖွင့်လှစ်ရာတွင် တွေ့ကြုံရသည့် လိုအပ်ချက်၊ အားနည်းချက်များကို အနည်းဆုံး တစ်လအကြာ ပြင်ဆင်ပြီးမှသာ အလယ်တန်း၊ မူလတန်းများအား တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်နိုင်ရေး စီမံဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။
အခြေခံပညာအလယ်တန်း၊ မူလတန်းကျောင်းဖွင့်မည့်ရက်နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို အချိန်မီထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်းလည်း အခြေခံပညာ ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားထားသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ ပိုစတာများ၊ ညွှန်ကြားချက်များကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကြေညာနိုင်ရန် အခြေခံပညာဦးစီးဌာနက ဇွန်လ ၃၀ ရက်ကတည်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးရုံးများသို့ ဖြန့်ဝေထားသည်။
ဖြန့်ဝေထားသည့် ကျောင်းအပ်နှံရေးဆိုင်ရာပိုစတာများတွင် အလယ်တန်းနှင့် မူလတန်းကျောင်းအပ်နှံရေး သီတင်းပတ်ပြုလုပ် မည့်ရက်များ ထည့်သွင်းထားသည်။ ထိုပိုစတာများ ဖြန့်ဝေထားသော်လည်း အလယ်တန်းနှင့် မူလတန်းကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ကျောင်းဖွင့်မည့်ရက်ကို COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လမ်းညွှန်လျှင် အချိန်မီကြေညာပေးမည်ဟု အ ခြေခံပညာဦးစီးဌာနက ဇူလိုင်လ ၁၄ ရက်တွင် အကြောင်းကြားစာ ထပ်မံထုတ်ထားခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ‘‘COVIDကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုမှ ဖွင့်လို့ရမှာပါ... အလယ်တန်း၊ မူလတန်းဖွင့်မယ့်ရက် လည်း ဗဟိုကော်မတီက ခွင့်ပြုတာနဲ့ ပြည်သူကို ကြေညာမှာပါ’’ ဟု ပြောသည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အခြေခံပညာ ကျောင်းများကို ဇူလိုင် ၂၁ ရက် တွင် စဖွင့်ရန် မေလ ၂၅ ရက်ကပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ပြီး အထက်တန်းအဆင့် အတန်းနှစ်တန်းကို စဖွင့်ရန် ညွှန်ကြား ထားသည်။ COVID-19 ကြောင့် အခြေခံပညာကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်တွင် မဖွင့်နိုင်ဘဲ ရက် ၅၀နောက်ကျပြီးမှ ဖွင့်လှစ်မည်ဖြစ်သည်။
Credit:
#Popolay #Popolaytv #News #ပညာရေး #COVID_19