1. Home
  2. Special or Others

အိန္ဒိယအမျိုးသား တစ်ဦးက ၂၆ ပေ မြင့်သောကားဖြင့် ကမ္ဘာ့အကြီးဆုံး ကားအဖြစ် စံချိန်တင်ရန် ကြိုးပမ်း

Special or Others ต.ค. 09, 2558 view 1,672

အိန္ဒိယကား ဒီဇိုင်းပညာရှင် ဆူဒါခါးယာဒက်က ၂၆ ပေ အမြင့်ရှိသော ကားကို တည်ဆောက်ပြီး ကမ္ဘာ့အကြီးဆုံး ကားအဖြစ် စံချိန်တင်ရန် မျှော်မှန်းနေကြောင်း သိရသည်။ အိန္ဒိယတောင်ပိုင်း ဟိုက်ဒရာဘတ်ရှိ ကားဒီဇိုင်း ပညာရှင် ယာဒက်၏ ပြတိုက်တွင် ပြသထားသောကား ပေ ၅၀ ရှည်ပြီး ၂၆ ပေ မြင့်သည့်အတွက် လန်ဒန်ရှိ နှစ်ထပ် ဘတ်စ်ကားများထက် နှစ်ဆနီးပါး မြင့်မားသည်။ ယာဒက်သည် ကမ္ဘာ့အမြင့်ဆုံး သုံးဘီး စက်ဘီးကို တည်ဆောက်ထားပြီး ဂင်းနစ် ကမ္ဘာ့စံချိန် တင်ခဲ့ပြီးဖြစ်သည်။ ယာဒက်၏ သုံးဘီးစက်ဘီးသည် ၄၁ ဒသမ ၅ ပေမြင့်ပြီး ယခုကားထက်ပင် ပိုမိုမြင့်မားသည်။ ၁၉၂၂ ဖို့ဒ် Tourer ကားကို ပုံစံတူ တည်ဆောက်ထားသော ယင်းကားသည် ဟမ်ဘာဂါ၊ တင်းနစ်၊ ဘောလုံး၊ ဖိနပ်၊ လက်ကိုင်အိတ်၊ သန့်စင်ခန်း၊ နှုတ်ခမ်းနီတောင့်၊ ဘိလိယက်ခုံကဲ့သို့ ပစ္စည်းများ ထည့်သွင်း တည်ဆောက်ထားသည်။ ကမ္ဘာ့အကြီးဆုံး အလှဆင်ကားအဖြစ် စံချိန်တင်ရန် ရည်မှန်းထားပြီး ရရှိမည်ဟု မျှော်လင့်ကြောင်း ယာဒက်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ယာဒက်၏ ပြခန်းတွင် ပြသထားသော ကားအားလုံးသည် အလှဆင် ကားများဖြစ်ပြီး ဟိုတစ်စ သည်တစ်စဖြင့် တည်ဆောက်ထားကာ အသံမျိုးစုံထွက်သော ကားများဖြစ်ကြသည်။ ယခု အမြင့်ဆုံးကားသည်လည်း ဖော်မြူလာဝမ်းကား၏ အသံကို တုပထုတ်ပေးနိုင်ကြောင်း ယာဒက်က ပြောကြားခဲ့သည်။ “ဒီကားက F1 ကားတစ်စီးရဲ့ အသံမျိုးကို ထုတ်ပေးနိုင်ပါတယ်။ ကျွန်တော့်ပြခန်းကိုလာတဲ့ ကလေးတွေအတွက် အထူးရည်ရွယ်ပြီး ဒီကားကို ကျွန်တော် ဒီဇိုင်းလုပ်ခဲ့တာပါ” ဟု ယာဒက်က ပြောကြားခဲ့သည်။ ယာဒက်သည် ကမ္ဘာ့အကြီးဆုံးကားကို တည်ဆောက်ရန်အတွက် သုံးနှစ် အချိန်ယူခဲ့ရသည်။ ၁၉ ပေကျယ်သော ယင်းကားတွင် သစ်သားတံခါး၊ ပြတင်းပေါက်များ၊ လှေကားများ ပါဝင်ပြီး ကားတွင် အင်ဂျင်မပါဝင်ပေ။ ယင်းကားကို အောက်တိုဘာ ၆ ရက်က စတင် ပြသခဲ့ပြီးနောက် လာရောက်ကြည့်ရှုသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။ Ref : AFP http://www.news-eleven.com/



Follow us on