1. Home
  2. International News

မြန်မာကို ဘေးအန္တရာယ်ရှိမှုမြင့်မားသည့်နေရာအဖြစ် Facebook က ယာယီသတ်မှတ်

International News ก.พ. 05, 2564 view 49,914

 စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံကို ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့ နေရာအဖြစ် ဖေ့စ်ဘွတ်ခ်က ယာယီအားဖြင့် သတ်မှတ်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ် တင်ထားတဲ့ မြန်မာ စစ်တပ်ကို ဝေဖန်ရေးသားတဲ့ စာတွေကို ကာကွယ်ဖို့နဲ့ လက်နက်တပ်ဆင်ရေး ဆော်သြတဲ့ ဘယ်လို ဆော်သြချက်ကိုမဆို ဖယ်ရှားမယ်လို့လည်း ဖေ့စ်ဘွတ်ခ်ကဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အာရှပစိဖိတ် မူဝါဒရေးရာညွှန်မှူး ရာဖှယ်ဖရန်ကယ်က ဝန်ထမ်းတွေဆီ အာဏာသိမ်း တုံ့ပြန်ချက်ကို လိုရင်းအချုပ် အနေနဲ့ ဖော်ပြခဲ့တာပါ။

ဖေ့စ်ဘွတ်ခ်ကို သတင်းမှား ဖြန့်ချိရာ၊ အကြမ်းဖက်မှုလှုံ့ဆော်ရာနဲ့ အန္တရာယ်ပြုဖို့ ညှိနှိုင်းတိုင်ပင်ရာ နေရာ အဖြစ် အသုံးချ မခံရစေရေး သေချာစေဖို့ကိုလည်း ဖရန်ကယ်က ကတိပြုလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ် တားထားတဲ့ ကြားက ကျွံထွက်လာတဲ့ စာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ဒါပေမဲ့ ဟန့်တားလုပ်ဆောင်ချက် တွေကို လုပ်ထားပြီးပြီလို့တော့ အတည်ပြု ပြောဆို ပါတယ်။

ကျနော်တို့က မြန်မာနိုင်ငံအထဲက နိုင်ငံရေးဖြစ်စဉ်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး သတင်းမှားတွေနဲ့ ခုလိုအချိန်မှာ ပိုတင်းမာအောင် လှုံ့ဆော်နိုင်တဲ့ အကြောင်းအရာတွေကို ဟန့်တားဖို့ ထပ်တိုး ခြေလှမ်းတွေကို ဆောင်ရွက် ထားတယ်လို့ ဖေ့စ်ဘွတ်ရဲ့ ပြောခွင့်ရက သဗာ့ချ် သတင်းဌာနကို ပြောပါတယ်။ အမုန်းစကားတွေနဲ့ တခြား သတင်းမှားတွေနဲ့အတူ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်မှု ပျက်ပြားစေတဲ့ သတင်းမှားတွေကိုလည်း ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ အကောင့်တွေ ဘေးကင်းစေဖို့နဲ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်တဲ့ အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ သေသေချာချာ လုပ်နေတယ်လို့လည်း ဖရန်ကယ်ကို ကိုးကားပြီး ဘပ်ဇ်ဖိဒ် သတင်းဌာနက အစီရင်ခံပါတယ်။

နောက်ထပ် တင်းမာမှုတွေကို လှုံ့ဆော်နိုင်တဲ့ သတင်းမှားတွေနဲ့ အကြောင်းအရာ တွေကို ဟန့်တားဖို့ စစ်တပ်ပိုင် ရုပ်သံကွန်ယက်ရဲ့ ဖေ့စ်ဘွတ်ခတ် စာမျက်နှာကို ဖေ့စ်ဘွတ်ခ် တားမြစ်ပိတ်ပင်ခဲ့တယ်လို့ The Wall Street Journal က ဖေဖော်ဝါရီ ၃ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ယာယီ ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့နေရာအဖြစ် သတ်မှတ်ချက်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အောက်လွှတ်တော်ကို စီးနင်းမှုအပြီး မြို့တော် ဝါရှင်တန် ဒီစီကို အလားတူ အဆင့် သတ်မှတ်ဖူးပါတယ်။

Credit: DVB



Follow us on