1. Home
  2. Myanmar News

ပရီမီးယား ကော်ဖီ ကျပ်သိန်း တထောင် ဆုနှင့် ဆုမဲပေါင်း ၈၅ ဆု ကျန်ရှိ နေသေး ဟုဆို

Myanmar News ม.ค. 29, 2559 view 1,804

ပရီမီးယားကော်ဖီမှ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲဆုမဲပေါင်းများစွာ ဖွင့်လှစ်ခဲ့ရာ ဇန်န၀ါရီ ၂၆ ရက် အထိ ကျပ်သိန်းတထောင်ဆုမဲအပါအ၀င် ကျပ်သိန်း ၁၀၀ ဆု၊ ကျပ်ဆယ်သိန်းဆု စုမဲပေါင်း ၈၅ ဆုကျန်ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီ၏တာဝန်ရှိသူ မယဉ်ဝေပြုံး က သတင်းမီဒီယာများသို့ ပြောကြား သည်။

''ပရီမီးယားက နှစ်စဉ်ကံစမ်းမဲအစီ အစဉ်တွေပေးလေ့ရှိပေမယ့် ဆယ်နှစ်ပြည့် အထိမ်းအမှတ်မှာ ကံထူးတဲ့ သူတွေ ထိုက်ထိုက်တန်တန် ခံစားစေချင်လို့ သိန်းတထောင်ဆုတဆု၊ သိန်းတရာဆု ၅၀၊ ဆယ်သိန်းဆု ၅၀ ပေးဖို့ စီစဉ်တာပါ''ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့ကံစမ်းမဲပေးခြင်းကြောင့် ဈေးနှုန်းနှင့် အရည်အသွေးအား မပြောင်းလဲဘဲ ထုတ်လုပ်ဖြန့်ချိခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ကံစမ်းမဲပေါက်သူအား ထိုက်တန်သည့်အခွင့်အရေးရရှိစေရန်အတွက် ယခင် ကံစမ်းမဲပေးနေကျပုံစံဖြစ်သည့် ကျပ် ၁၀၀၊ ၂၀၀ မပေးတော့ဘဲ ယခုကဲ့သို့ပြုလုပ်ရသည်ဟုဆိုသည်။ ထိုသို့ ပြုလုပ်သည့်အတွက် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာများ၌ ပရီမီးယားကော်ဖီအား ဟာသအဖြစ် Thank You ကော်ဖီအဖြစ် ခေါ်ဆိုနေခြင်းများကြောင့် ရှင်းလင်းစွာသိစေလို၍ ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရသည်ဟု ဆိုသည်။

''အခုဆို ပရီမီးယားကော်ဖီကို လူအများစုက ဖေ့စ်ဘုတ်ပေါ်ကနေ Thank You ကော်ဖီဆိုပြီး နာမည်ပေးတာ နာမည်အသစ်တောင်ရနေပြီ။ အဲလို ဟာသလုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့အတွက်လည်း ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်တွေလုပ်နေတယ်။ အဲဒီ အစီအစဉ်ကို မကြာမီပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ပိုနာမည်ရလာတယ်။ တကယ် ကျေးဇူးတင်လို့ပါ'' ဟုပြောကြားသည်။

ယင်းပရီမီးယားကော်ဖီကံစမ်းမဲအား ၂၀၁၅ နိုဝင်ဘာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကံစမ်းမဲကုန်ဆုံးချိန်ကို ၂၀၁၆ ဖေဖော်ဝါရီဟု မူလက သတ်မှတ်ထားသည်ဟုဆိုသည်။ ''ကံစမ်းမဲအစီအစဉ်ကို တခဲနက် အားပေးတဲ့ ပရိသတ်တွေအတွက် ဖေဖော်ဝါရီလို့ မသတ်မှတ်တော့ဘဲ မတ်လအထိ တိုးပေးလိုက်တယ်။ နောက်ပြီး ဆယ်သိန်းဆု ၂၀ လည်းထပ်တိုးလိုက်တယ်။ ဒီတော့ အားလုံးကျပ်သိန်းတထောင်ဆုမဲ အပါအ၀င်ဆို ဆုမဲပေါင်း ၈၅ ဆုကျန်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိ ကျပ်သိန်း ၁၀၀ ဆု ၁၉ ဆု၊ ကျပ် ၁၀ သိန်းဆု ၁၇ ဆုတို့၏ ကံထူးရှင်များပေါ်ထွက်လာပြီး ထပ်မံထွက်ပေါ်လာမည့် ကံထူးရှင်များအားလည်း သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ MRTV-4 ရသစုံညွှန်းတမ်းအစီစဉ် စသည်တို့တွင် စဉ်ဆက်မပြတ် ဖော်ပြပေးသွားမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ သိလိုလျှင်လည်း ပရီမီးယားကော်ဖီ၏ Facebook တွင် တင်ဆက်ပေးသွားမည်ဟုဆိုသည်။

ပရီမီးယားကံစမ်းမဲအစီအစဉ်၌ ပရီမီးယား 3 in 1၊ ပရီမီးယား 2 Plus 1၊ ပရီမီးယား Espresso၊ ပရီမီးယားနို့မှုန့် စသည့် ထုတ်ကုန်လေးမျိုးတွင် ထည့်သွင်းထားသည်ဟုဆိုသည်။ ပရီမီးယားကော်ဖီသည် ဈေးကွက်တွင် ရောင်းအားကောင်းနေ၍ စားသုံးသူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် 'ရင်မတုန်ပေမယ့် ရင်ခုန်စရာ သိန်းတထောင်' ကံစမ်းမဲအစီစဉ်အား ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



Follow us on