1. Home
  2. Myanmar News

မရမ်းကုန်း မြို့နယ်တွင် ခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက် ခရီးသည် တစ်ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

Myanmar News ก.พ. 12, 2559 view 1,656

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် (၈)ရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၆ နာရီခန့်က ခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းသူ ခရီး သည်တစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း နေစိုး(စုံစမ်းဆဲ) မောင်းနှင်လာသည့် (၉၆) ယာဉ်လိုင်းမှ ယာဉ်အမှတ် 6A/--- ဒိုင်နာယာဉ်သည် နဝဒေး မှတ်တိုင်အနီးအရောက် အရှိန်လွန် ကာ ယာဘက်ယာဉ်ကြောမှ မောင်းနှင်လာသော အဖြူရောင် လိုက်ထရပ် ကိုယ်ပိုင်ယာဉ်အား ဝင်ရောက်တိုက်မိသဖြင့် ခရီးသည် တင်ယာဉ်မှာ ဝဲဘက်သို့ တိမ်းမှောက် သွားရာ ရှေ့မျက်နှာချင်းဆိုင်မှ ကွေ့ရန်ရပ်ထားသော ဟွန်ဒါဖစ် ခဲရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့သည်။

ထိုဖြစ်ပွားမှုကြောင့် ယာဉ်သုံးစီး ပျက်စီးခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ခရီးသည် ၁၅ ဦးတို့တွင် ဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၏အကူအညီတို့ဖြင့် ရန်ကုန် ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတို့တွင် အတွင်း၊ အပြင် လူနာများအဖြစ် တက်ရောက်ကုသ လျက်ရှိသည်။

အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်း နေစိုး(စုံစမ်းဆဲ)သည် အခင်းဖြစ်ပွား ရာအရပ်၌ ယာဉ်ကို ထားရှိကာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇော်ကြီး(ပဏီတ)
The Mirror Daily



Follow us on