1. Home
  2. Myanmar News

ယခုနှစ် မန်းသင်္ကြန်တွင် မဏ္ဍပ်များ ရေပိုက်သုံးခွင့် ကန့်သတ်ပြီး တစ်ဦးချင်း ရေစုပ်စက်များ သုံးခွင့်ပိတ်မည်

Myanmar News มี.ค. 03, 2559 view 1,692

           လာမည့် ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်တွင် ရေသုံးစွဲမှုလျှော့ချရန် ကျုံးပတ်လည်သင်္ကြန်မဏ္ဍပ် များ၌ အသုံးပြုမည့် ရေပိုက်များ အရေအတွက် ကို ကန့်သတ်လိုက်ပြီး ယခင်နှစ်များက ခွင့်ပြု ခဲ့သော တစ်ဦးချင်း ရေစုပ်စက်များ သုံးစွဲခွင့် ကိုလည်း ခွင့်မပြုတော့ကြောင်း မန္တလေးမြို့ သင်္ကြန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင် ဦးသက်နိုင်ထွန်းက ပြောသည်။

            သင်္ကြန်ရေကစားမဏ္ဍပ်များတွင် အချင်း ၃/၈ လက်မအရွက်အစားထက် မကြီးသော Nozzle ရေပိုက်ခေါင်းအခု ၁၀၀ ထက် ပိုမသုံး ရန် ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပခဲ့သော မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် သတ်မှတ်လိုက်ပြီး တစ်ဦးချင်း ကိုယ်ပိုင်ရေစုပ်စက်များ လျှောက်ထား ၍ ရေပက်ကစားခြင်း ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ဦးသက်နိုင်ထွန်းက ယခုလ ၁ ရက်တွင် ပြောသည်။

            "အဓိက အကြောင်းရင်းက ဒီနှစ်နွေမှာ ရေဖြုန်းတီးမှု မဖြစ်အောင်ပါ။ ဒီနှစ်မှာ ရေကစားချိန်ကိုလည်း မနက် ၇ နာရီအစား ၈ နာရီမှ စကစားဖို့ လျှော့ချသတ်မှတ်ထားပါ တယ်။ သင်္ကြန်မှာ ကျုံးပတ်လည် ရေသုံးစွဲမှုက ပျမ်းမျှ တစ်ရက်ကို ဂါလန် ၁၀ သန်းလောက် ရှိတယ်။ ဒီနှစ်မှာ အကြိုနေ့မပါဘဲ တွက်ရင် သင်္ကြန်လေးရက်ကို ရေဂါလန် သန်း ၄၀ လောက် ကုန်နိုင်တယ်။ ကန့်သတ်ချက် လုပ် ထားတဲ့အတွက် ရေဂါလန်သန်း ၂၀ ၀န်းကျင် ဖြုန်းတီးမှု လျှော့ချနိုင်မယ် မှန်းပါတယ်" ဟု ဦးသက်နိုင်ထွန်းက ပြောသည်။ မဏ္ဍပ်များ၏ ရေစုပ်စက်ပိုက်များကို အချင်း ၄ လက်မထက် မကြီးရန် သတ်မှတ်ထားပြီး ညနေပိုင်း ရေကစားချိန်ကိုမူ ညနေ ၃ နာရီ မှ ၆ နာရီအထိ ယခင်နှစ်များအတိုင်း သတ်မှတ် ထားသည်။

           ယခင်နှစ်က တစ်ဦးချင်း ရေစုပ် စက်များဖြင့် ရေကစားခွင့်အတွက် ရေစုပ်စက် တစ်လုံးလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် စည်ပင်သာယာသို့ လျှောက်ထားစေခဲ့ပြီး ထိုသို့ ရေပက်ကစားသူများ နှစ်စဉ် များပြား ခဲ့ကာ အထူးသဖြင့် ကျုံးအနောက်ဘက် လမ်း ၈၀ ပေါ်တွင် အများဆုံးရှိခဲ့ သည်။

           မြန်မာနိုင်ငံတွင် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ယခုနှစ်နွေတွင် အပူချိန်ပြင်း ထန်နိုင်ပြီး ရေရှားပါးမှုပြဿနာ ကြုံတွေ့နိုင်ကြောင်း မိုးလေ၀သပညာရှင်များက သတိပေး ထားသည်။ သင်္ကြန်မဏ္ဍပ်များတွင် ရေပိုက် သတ်မှတ်ချက်အပြင် စီစီတီဗီကင်မရာတပ်ဆင်ရန်၊ ဆေးလိပ်၊ စီးကရက်၊ အရက် ကြော်ငြာများ ချိတ်ဆွဲခြင်းမပြုရန်၊ မဏ္ဍပ် အောက်တွင် ၁၀ ပေပတ်လည် အမှိုက်ကန် ထားရှိရန်တို့လည်း ပါဝင်သည်။

http://myanmar.mmtimes.com/



Follow us on