1. Home
  2. Myanmar News

စရိတ်နည်းနည်းနဲ့ အပန်းဖြေနိုင်မယ့် ကမ်းခြေ၊ သို့မဟုတ် ညောင်ချောင်းသာ

Myanmar News มี.ค. 04, 2559 view 1,872

            ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရန်ကင်းစံရာကျေးရွာအနီးက ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေကို ၂၀၁၆ ခုနှစ်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ ငါးနှစ်မြောက် ဖွင့်လှစ်ခဲ့ပါတယ်။ "တစ်ရာသီလုံးဆိုရင် ခရီးသည်က ခုနစ်သိန်း ရှစ်သိန်းလောက်လာကြတယ်။ မနှစ်ကတော့ ခရီးသည်ပိုများတယ်။ ချောင်းသာတို့ ဘာတို့ တကယ့်ကမ်းခြေတွေကို သွားရမယ့် စရိတ်ထက် သက်သာတဲ့အပြင် ဒီမှာက မနက်လာ ညနေပြန်ဆိုတော့ သွားရလာရတာ အဆင်ပြေတာကြောင့် ထင်ပါတယ်"လို့ ညောင်ချောင်းသာကမ်းခြေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်က ပြောပါတယ်။

            ပေ ၃၀၀ ကျော် ရှည်လျားတဲ့ ကမ်းခြေတစ်လျှောက်မှာ ဆိုင်ခန်း ၄၁ ခန်းရှိပြီး ၂၁ ခန်းကို ညောင်တုန်းမြို့နယ်အတွင်း နေထိုင်သူတွေကို သန်းခေါင်စာရင်းနဲ့အတူ လျှောက်ထားခွင့်ပြုခဲ့ပြီး ကျန်တဲ့ ၂၀ ကိုတော့ အခြားနယ်ကလူတွေကို လျှောက်ထား ခွင့်ပြုခဲ့ကာ အားလုံးကို မဲနှိုက်ချပေးခဲ့ပါတယ်။ "အစ်မတို့က ရောင်းတာ သုံးနှစ်ပဲရှိသေးတယ်။ အရင်ကတော့ အိမ်မှာ တခြားစီးပွားရေးလုပ်တယ်။ တစ်ရာသီကို ပထမနှစ်တုန်းက သိန်း ၂၀ လောက် ၀င်ငွေရတယ်။ ၂၀၁၅ ခုနှစ်မှာတော့သိန်း ၅၀ ရတယ်။ ဒီနှစ်ကို ဆိုင်သုံးဆိုင်မဲပေါက်တယ်။ ဒီတော့ ကိုယ့်ဆိုင်အတွက်အရင်းအနှီးရတယ်"လို့ ကမ်းခြေမှာ အသုပ်စုံဆိုင်ဖွင့်ထားတဲ့ ဒေါ်စုစုမော်က ပြောပါတယ်။ "မနှစ်ကတော့ သောင်ပြန့်က တော်တော် ကောင်းတယ်။ ဒီနှစ်တော့ မနှစ်ကလောက် ခရီးသည်များဖို့မမှန်းရဲဘူး။

           ရေချိုးဆိပ်က ပေ ၂၀၀ လောက် နောက်ဆုတ်လာတယ်" လို့ ဦးဝင်းကြည်ကပြောပါတယ်။ သဲမှုတ်တဲ့လုပ်ငန်းနဲ့ ရေကူးတဲ့နေရာကို အန္တရာယ်ကင်းစေဖို့ အန္တရာယ်ကင်း အကာအရံတွေ အပါအ၀င် ကမ်းခြေပြုပြင်စရိတ်က ၂၀၁၄ ခုနှစ်မှာ သိန်း ၃၀ ခန့်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့သိန်း ၅၀ အထိရှိတယ်လို့ ဆိုပါတယ်။ "ညောင်ချောင်းသာက ရတဲ့ ငွေတွေထဲ က ကျွန်တော်တို့ မြို့တော်ခန်းမတည်ဆောက်ရေးအတွက် သိန်း ၁,၂၅၀ အထိ ထည့်ဝင်ပေး နိုင်ခဲ့ပါတယ်။ ဒါ့ပြင် မြို့ပေါ်က ဘုရားတွေ ကိုလည်း ဘုရားဖူးဧည့်သည်တွေလာကြတဲ့အတွက် ဘုရားအလှူငွေလည်း အရင်ကထက် ပိုရတယ်"လို့ညောင်ချောင်းသာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

           "လာကြတဲ့ဧည့်သည်တွေ စည်းကမ်း လိုက်နာစေချင်ပါတယ်။ အခက်အခဲရှိရင်လည်း ကျွန်တော်တို့ဆီလာပြီး အကူအညီ တောင်းကြဖို့ အသိပေးချင်ပါတယ်။ အသက်အန္တရာယ်ဖြစ်ကြသူ အများစုက သောက်စား မူးယစ်ကြလို့ ဖြစ်တာပါ။ ကမ်းခြေမှာ ထိုင်ဖို့ အမိုးနဲ့ ခုံတွေကစပြီး အစားအသောက်တွေကိုပါ ဈေးတင်မရောင်းရအောင် ကျွန်တော်တို့ ကြီးကြပ်ထားပါတယ်"လို့ ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

           ညောင်ချောင်းသာကို ရန်ကုန်မြို့ကနေ သွားဖို့ လမ်းက နှစ်လမ်းရှိပါတယ်။ တစ်လမ်းက လှိုင်သာယာ အဝေးပြေးကနေ အိတ်စ်ပရက်စ်ကားကြီးတွေ စီးတာဖြစ်ပြီး နောက်တစ်လမ်းက လမ်းမတော်မြို့နယ်၊ မော်တင်ကနေ ညောင်တုန်းအထိ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ တစ်နာရီကို တစ်စီးနဲ့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ငြိမ်းချမ်းအောင် ယာဉ်လိုင်းနဲ့ တိုက်ရိုက်သွားနိုင်ပါတယ်။

http://myanmar.mmtimes.com/



Follow us on