1. Home
  2. Myanmar News

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ပွိုင့်ကို ခေတ်မီ မီးပွိုင့်စနစ် ပြောင်းလဲပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းများ ခြောက်လအတွင်း အပြီးလုပ်ဆောင်မည်ဟု ဆို

Myanmar News มี.ค. 07, 2559 view 1,644

          ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုကို ခေတ်မီ မီးပွိုင့်စနစ်များအဖြစ် ပြောင်းလဲပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းများ ခြောက်လအတွင်း အပြီးလုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတားဌာနမှ သိရသည်။ အဆိုပါ လုပ်ငန်းအတွက် တင်ဒါအောင်မြင်ခဲ့သည့် Myanmar Shwe Yin + CRCC (China) ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်၍ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

         ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ပွိုင့်ကို ခေတ်မီ မီးပွိုင့်စနစ်များအဖြစ် ပြောင်းလဲပြီး ထိန်းချုပ်မှု စင်တာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် မီးပွိုင့်လွှတ်သည့် စနစ်များကို ပြောင်းလဲမည်ဖြစ်ပြီး ထိန်းချုပ်မှု စင်တာကို ပြည်သူ့ရင်ပြင်အတွင်းရှိ နက္ခတ်တာရာပြခန်း အနီးတွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ “စာချုပ်ချုပ်ပြီး ခြောက်လအတွင်းမှာ လုပ်ငန်းတွေ အပြီးလုပ်ရမယ်လို့ သိထားပါတယ်။ အခုတော့ လုပ်ငန်းတွေ စတင်နေပါပြီ။ ထိန်းချုပ်မှု စင်တာကိုလည်း စပြီးဆောက်နေပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

          ရန်ကုန်မြို့၏ ဆိုးရွားလာသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် လက်ရှိ မီးပွိုင့်တစ်ခုတည်းကိုသာ အခြေခံ၍ မီးပွိုင့်လွှတ်သည့် စနစ်မှ မီးပွိုင့်များအား စုစည်း ချိတ်ဆက်၍ ထိန်းချုပ်မှု စင်တာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် မီးပွိုင့်လွှတ်ပေးသည့် စနစ်ကို ပြောင်းလဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း သိရသည်။ ယင်းသို့ မီးပွိုင့်များအား ခေတ်မီစနစ်များ ပြောင်းလဲပြီးပါက ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ လျော့ကျသွားရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါ လုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အထူးရန်ပုံငွေကျပ် ဘီလျံ ၂၀ ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

          ယင်းလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူခဲ့ရာ စိတ်ဝင်စားမှု တင်သွင်းသော ကုမ္ပဏီ ၅၄ ခုအနက် အသေးစိတ် စိစစ်ပြီး ကုမ္ပဏီခြောက်ခုကို ဆန်ခါတင် ရွေးချယ်ခဲ့ကာ ထိုအထဲမှ ယခုတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် မီးပွိုင့်စုစုပေါင်း ၁၇၅ ပွိုင့်ရှိသည့်အနက် အချို့မီးပွိုင့်များမှာ ချို့ယွင်းခြင်း၊ ယာဉ်ထိန်းရဲ မရှိခြင်းနှင့် မီးပွိုင့်ပျက်နေခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

           သို့ဖြစ်၍ ယခုလို အလိုအလျောက် မီးပွိုင့်လွှတ်သည့် စနစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် မရမ်းကုန်းမြို့ နယ် ချော်တွင်းကုန်း မီးပွိုင့်ကို ဗဟိုပြု၍ မီးပွိုင့် ၁၀ ခုကို ချိတ်ဆက်ကာ လက်ရှိအသုံးပြုနေပြီး အခြားအရေးကြီးသည့် မီးပွိုင့် ၁၅၄ ပွိုင့်တွင် ပြောင်းလဲတပ်ဆင် အသုံးပြုရန် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

http://news-eleven.com/



Follow us on