ဆိပ်ကမ်းမြို့နယ်တွင် စက်တပ်သမ္မာန် ရေလယ်ဘွိုင်လာ ၀င်တိုက်မိရာက တိမ်းမှောက်ခဲ့ပြီး လူ ၂ ဦး ပျောက်ဆုံးမှုကို မတ်လ ၁၀ ရက်နေ့တွင် သက်ဆိုင်ရာက စစ်ဆေးလျက်ရှိသည်။ အဆိုပါနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ် စဥ့်အိုးတန်း သမ္မာန် ဆိပ်အနီး စက်တပ်သမ္မာန် တစ်စီးနစ်မြုပ်ကြောင်း သတင်းအရ ဒုရဲမှူး တင်ထွန်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။စုံစမ်းချက်အရ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် ဒလမြို့နယ်နေ ဆန်းညွန့် (၃၆ နှစ်)မောင်းနှင်သည့်စက်တပ်သမ္မာန်သည် ရေကန်ဆိပ်သမ္မာန်ဆိပ်မှ ခရီးသည် ၁၁ ဦးတင်ဆောင်ကာစဥ့်အိုးတန်းသမ္မာန်ဆိပ်သို့ ပို့ဆောင်ခဲ့သည်။
ထိုသို့ပို့ဆောင်စဉ် မြစ်လယ်တွင် ကျောက်ချရပ်နားထားသည့် ပင်လယ်ကူး သင်္ဘောကြီးများ ကြိုးချည် ရပ်နားသည့် ရေလယ်ဘွိုင်လာအမှတ် (၆) အား မြူနှင်းများ ကျဆင်း မှုကြောင့် မမြင်ရဘဲ ၀င်ရောက် တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့သည်။ သမ္မာန်မှောက် မှုကြောင့် ဒလမြို့နယ်နေ ဦးဇော်ဝင်း၊ ဒေါ်ရီစန်း(၆၂ နှစ်) တို့မှာ ပျောက်ဆုံးနေပြီး ကျန် ၉ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သောကြောင့် ဆန်းညွန့်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ http://myanmar.mmtimes.com/