1. Home
  2. Myanmar News

ရန်ကုန် မြို့လယ်ခေါင် ယာဉ်ထိန်းရဲရုံးရှေ့မှာ အမျိုးသားတဦး အလောင်းလာရောက် စွန့်ပစ်ထား

Myanmar News มิ.ย. 03, 2559 view 1,603
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံးတွင် အမျိုးသားတဦး၏ အလောင်း ဇွန် ၃ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
 
သေဆုံးသူကို ဇွန် ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားသုံးဦးက တွဲခေါ်လာကာ လာရောက်စွန့်ပစ်ခဲ့ပြီး ယင်းအချိန်တွင် အသက်ရှင်လျှက်ရှိသေးကြောင်းနှင့် ည ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားသည်ဟု ယူဆရကြောင်း မျက်မြင်နှစ်ဦးက ပြောသည်။
 
“မနေ့က မိုးစရွာရွာချင်း ယူနီဖောင်းနဲ့ လူသုံးဦးက သူ့ကိုတွဲခေါ်လာတယ်။ သူတို့ကို မေးကြည့်တော့ အမူးလွန်နေတာလို့ ပြောတယ်။ ရောက်ခါစက လှုပ်ရှားနိုင်သေးတယ်။ နောက် သူ့အမျိုးတယောက်လား မသိဘူး။ ပိုက်ဆံ နှစ်သောင်းနီးပါးနဲ့ ကွမ်းယာတွေ၊ မုန့်တွေတောင် ၀ယ်ပေးသွားသေးတယ်”ဟု မျက်မြင်တဦးဖြစ်သော ဒေါ်ဥမ္မာ ထမင်းဆိုင်မှ လုပ်သား မတင်တင်လှိုင်က ပြောသည်။
 
သေဆုံးသူသည် လာရောက်စွန့်ပစ်စဉ်က အသက်ရှင်နေသေးကြောင်း၊ မိုးရွာနေ၍ ယာဉ်ထိန်းရုံးထဲသို့ ရွှေ့ပေးခဲ့ကြောင်းနှင့် စကားပြောဆိုနိုင်သေးကြောင်းလည်း မျက်မြင်သက်သေတဦးဖြစ်သော ကိုဖိုးသားက ပြောသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် ရဲစခန်း ဒုရဲအုပ်နိုင်လင်းက “လောလောဆယ်အလောင်းကို သယ်ဖို့ နာရေးကူညီမှုကား ခေါ်ထားတယ်။ ရင်ခွဲရုံပို့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမယ်။ အခုတော့ သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားမယ်”ဟု ပြောသည်။


Follow us on