1. Home
  2. Myanmar News

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်ခန့် ကူညီမည့် ဂျပန်

Myanmar News มิ.ย. 06, 2559 view 1,593
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း လေးခုအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁၆ သန်းခန့် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးထံမှ သိရသည်။
 
အဆိုပါ ကူညီထောက်ပံ့သည့် သဘောတူစာချုပ် ချုပ်ဆိုခြင်းကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့က ဇွန်လ ၂ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
 
အဆိုပါ ထောက်ပံ့ငွေများကို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ဆု စီမံကိန်း၊ ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ စက်ပစ္စည်းများ ဝယ်ယူရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် အသုံပြုမည်ဖြစ်ကြောင်း ဂျပန်သံရုံးထံမှ သိရသည်။
 
ပုဂ္ဂလိက ကဏ္ဍ အပါအဝင် မြန်မာနိုင်ငံမှ လူငယ်များကို ဂျပန်နိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိရန်အတွက် ဒေါ်လာ ငါးသိန်းခွဲ၊ ကျွဲ၊ နွားနှင့် ဝက်များစသော မွေးမြူးရေး တိရစ္ဆာန်များ၌ဖြစ်တတ်သော ခွာနာလျှာနာ ရောဂါများ ရှာဖွေရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်ရန် စက်ပစ္စည်းများ ဝယ်ယူ၍ ရန်ကုန်မြို့ရှိ အမျိုးသား ခွာနာလျှာနာရောဂါ သုတေသနာဌာနအတွက် ဒေါ်လာ ၁၃ သန်း အသုံးပြုမည်ဖြစ်သည်။
 
ဘေးအန္တရာယ်ဆိုင်ရာအတွက် အခြေခံအဦများအတွက် လိုအပ်သော စက်ကိရိယာများ ဝယ်ယူကာ ဘေးအန္တရာယ်များ ကိုင်တွယ် ဖြေရှင်းရာတွင် စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ဒေါ်လာ ၈ ဒသမ ၆၇ သန်းနှင့် တရားဥပဒေ စိုးမိုးရေး စင်တာများတွင် သင်တန်းများ ပို့ချပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ပိုမို နားလည်စေရန်အတွက် ဒေါ်လာ တစ်သန်းကျော် အသုံးပြုမည်ဖြစ်သည်။
 
Credit : The Voice Weekly 


Follow us on