1. Home
  2. Myanmar News

သိန်း ၁၀၀ အောက် အခန်းပေါင်း ၂၀,၀၀၀ ကျော်ကို ရန်ကုန် တွင် ၂ နှစ် အတွင်း ဆောက်လုပ်မည်

Myanmar News มิ.ย. 08, 2559 view 1,579
ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ရက် ၁ဝဝ စီမံချက်အတွင်း ကျပ်သိန်း ၁ဝဝ အောက် အခန်းပေါင်း ၈ဝဝဝ ကျော် ဆောက်လုပ်ရန် ဒီဇိုင်းများ ရေးဆွဲပြီးဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။
 
အိမ်ပိုင် မရှိသူ အစိုးရဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ်သိန်း ၁ဝဝအောက် တန်ဖိုးနည်းအိမ်ရာများကို ၂ဝ၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
 
“အခုဆောက်လုပ်မယ့် မြို့နယ်သုံးခုမှာ မြေပြင်ရှင်းလင်းရေး စတင် ဆောင်ရွက်နေပါတယ်။ ကျူးကျော် ပြဿနာ၊ လယ်သမားပြဿနာတွေ ရှင်းပြီးတာနဲ့ ဆောက်လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီစီမံကိန်းက အခန်းပေါင်း ၈ဝဝဝ ကျော်ရှိတော့ ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
 
သန်လျင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အိမ်ခန်းတစ်ခန်းကို စတုရန်းပေ ၄ဝဝ ကျယ်ဝန်းသည့် ၈ ခန်းတွဲ ၅ ထပ်၊ ၆ ခန်းတွဲ ၄ ထပ် အဆောက်အအုံများကို ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။
 
“အစိုးရသစ်လက်ထက်မှာ အခုလို သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်ပေးပြီး ရောင်းချပေး မယ်ဆိုတော့ အိမ်ပိုင်မရှိတဲ့သူတွေအတွက် ဝမ်းသာစရာပါ။ သိန်း ၁ဝဝ အောက် ရောင်းချပေမယ့်လည်း အရစ်ကျနဲ့ ရောင်းမယ်ဆိုရင် အစိုးရဝန်ထမ်းတွေအတွက် ပိုအဆင်ပြေမှာပါ”ဟု အစိုးရဝန်ထမ်းဖြစ်သူ ဒေါ်သန်းမြင့်က ဆိုသည်။
 
Soruce  : The Voice Weekly 


Follow us on