1. Home
  2. Myanmar News

ရန်ကုန်မြို့ ၂၄ နာရီ ဆိုင်များတွင် မီတာဘီလ် ဆောင်နိုင်မည်ဟုဆို

Myanmar News มิ.ย. 09, 2559 view 1,596

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မြန်မာ ကွန်ပျူတာ ကုမ္ပဏီ လီမိတက် (MCC) တို့ ပူးပေါင်းမှုဖြင့် ရန်ကုန်မြို့တွင် ၂၄ နာရီ ဖွင့်လှစ်ထားသည့် ဆိုင်များမှတဆင့် ဓာတ်အားခ ကောက်ခံခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို Connect N Pay (CNP) စနစ်အသုံးပြု၍ မီတာဘီလ် ဆောင်နိုင်တော့မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ ယနေ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဌာနက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ CNP စနစ်ဖြင့် ချိတ်ဆက်မည့် ဘဏ်များဖြစ်သည့် အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်က True Money စနစ်၊ ပထမ ပုဂ္ဂလိကဘဏ်က Mu Kyat စနစ်နှင့် CB ဘဏ်တို့က MCC ၏ True Money Myanmar ငွေပေးချေမှု လုပ်ငန်းများမှ တဆင့် မီတာဘီလ် ပေးဆောင်သောစနစ်ကို အသုံးပြုနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ဦးကိုကိုက ပြောသည်။

“UAB တို့၊ CB တို့နဲ့ Service လုပ်ပေးထားတာ ရှိပါတယ်။ နောက်ပိုင်းမှာတော့ အွန်လိုင်းစနစ်နဲ့ လုပ်ဆောင်သွားဖို့ အထိ လျာထားတာ ရှိပါတယ်။ အဲဒီ Process က ဆွေးနွေးနေဆဲ အခြေအနေပဲ ရှိပါသေးတယ်။ True Money က ကြေညာတာကတော့ ဘဏ်အကောင့် မလိုဘူးလို့ ပြောပါတယ်။ ဘာကြောင့် ဘဏ်အကောင့် မလိုဘူးဆိုတာကို ဆက်ဆွေးနွေးရပါဦးမယ်”ဟု ဦးကိုကိုက ပြောသည်။ မီတာဘီလ်ကို ဝန်ဆောင်မှုပေးသော ကုမ္ပဏီများနှင့် ဆောင်ရွက်ပါက သက်ဆိုင်ရာမြို့နယ်ရှိ ငွေလက်ခံကောင်တာများတွင် လူစုပြုံနေမှု မရှိသည့် အကျိုး ရလဒ်များ ရှိသော်လည်း ငွေရေးကြေးရေး ကိစ္စများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် စိတ်ချရသည့် အခြေအနေ မရှိသေးဟု သိရသည်။ “အရေးကြီးတာက ငွေရေးကြေးရေးကိစ္စ ဖြစ်ပါတယ်။ ဥပမာ မီတာဘေလ် နှစ်သောင်းကျတယ်။ အဲဒါကို သက်ဆိုင်ရာ မြို့နယ်က ကောင်တာတွေမှာ သွားပေးရမယ့်အစား သွားမပေးချင်လို့ Service နဲ့ လုပ်လိုက်မယ်ဆိုရင် အဲဒီငွေက ကိုယ်တို့ဆီကို ရောက်မလာခဲ့ရင် ဘယ်လိုဆုံးဖြတ်ရမှာလဲဆိုတဲ့ အပိုင်းတွေ ရှိပါတယ်”ဟု ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။

၂၀၁၆ ခုနှစ် ပထမ ၄ လအတွင်း မီတာဘီလ် ဝန်ဆောင်မှုယူသည့် ဓာတ်အားသုံးစွဲသူဦးရေ ရန်ကုန်မြို့တွင် ၁၉၅၃၁ ဦး ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ စာရင်းများအရ သိရသည်။ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ မအိကလည်း“အဲလို စနစ်ကို မကြိုက်ဘူး။ မယုံကြည်ရဘူး။ ကိုယ့်ပိုက်ဆံက မီတာရုံးကို မရောက်ဘဲနဲ့ ပျောက်သွားရင် ဘယ်လို လုပ်မလဲ။ သူတို့ သွားမဆောင်ခင် အိမ်ကို မီးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အကောင်းဆုံးကတော့ အိမ်မှာ မီတာ လာဖတ်တဲ့အချိန် ပိုက်ဆံပါ တခါတည်းကောက်သွားပြီး လူမရှိတဲ့သူက နောက်က လိုက်ဆောင်ခိုင်းတာမျိုး ဖြစ်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကွန်ပြူတာဖြင့် မီတာဘီလ်ပြုစု ထုတ်ပြန်ခြင်း၊ ဓာတ်အားခ ငွေကောက်ခံခြင်း၊ ငွေစာရင်း လချုပ်များ ရေးဆွဲခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် MCC ၊ Titan Source Co.,Ltd တို့နှင့် စာချုပ်ချုပ်ဆို၍လည်းကောင်း၊ မီတာဘီလ် ဝန်ဆောင်မှုလုပ်ငန်းကို ယူနိုက်တက် အမရာဘဏ်လီမိတက်၊ မြန်မာ တံခွန်ဝန်ဆောင်မှု လီမိတက်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ MCC ၊ သမဝါယမဘဏ် လီမိတက်၊ ရတနာပုံ တယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ Titan Source ကုမ္ပဏီတို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Credit : theirrawaddyburmese/?fref=nf



Follow us on