1. Home
  2. Myanmar News

ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယား သမ္မတက အလည်ဖိတ်

Myanmar News มิ.ย. 16, 2559 view 1,641

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည့် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က အလည်အပတ် ဖိတ်ခေါ်ခဲ့သည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။ “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ အရင်က မွန်ဂိုကို သွားရောက်ခဲ့ဖူးတော့ အခု ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ မွန်ဂိုကို ထပ်မံလာရောက်ဖို့ ပြည်သူတွေကရော နိုင်ငံတော်ကပါ မျှော်လင့်နေပါတယ် ဆိုတာကို Message ပေးခဲ့တာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အာရှ-ဥရောပအစည်းအဝေးမှာရော ချစ်ကြည်ရေးခရီးအဖြစ်ရော လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

မွန်ဂို သမ္မတသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အကြီးအကဲအနေဖြင့် ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့ကြား နှစ် ၆၀ ပြည့် အထိမ်းအမှတ် ခရီးစဉ်တခုလည်း ဖြစ်ပါကြောင်း သိရသည်။ “နိုင်ငံတော် အတိုင်ပင်ခံနဲ့ မွန်ဂိုလီးယားသမ္မတတို့ဟာ ပုဂ္ဂိုလ်ရေးအရ အရင်ကတည်းက ရင်းနှီးတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဆွေးနွေးတာက မြန်မာနဲ့ မွန်ဂိုလီးယားနိုင်ငံတို့ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေ၊ မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် အရင်းအမြစ်တွေ ထိန်းသိမ်းရေး၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အစဉ်အလာကောင်းတဲ့ တာဝန်ကျေပွန်တဲ့ မီဒီယာများရဲ့ အခန်းကဏ္ဍ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။ မွန်ဂို သမ္မတသည် ဇွန်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ယနေ့တွင် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်မြို့သို့လည်း သွားရောက်မည်ဖြစ်ပြီး UMFCCI တွင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊ မွန်ဂိုလီးယား သမ္မတနှင့် အတူ တရားရေး ဝန်ကြီး၊ သတ္တုတွင်းဝန်ကြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ တာဝန်ရှိသူများ၊ ဗဟိုဘဏ် ဥက္ကဌ၊ သမ္မတ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ အကြံပေး၊ သမ္မတရဲ့ ဥပဒေဆိုင်ရာ အကြံပေး၊ နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်ကြောင်း သိရသည်။

Credit : The Irrawaddy



Follow us on