ရွှေမန်းမျိုးဆက်တဦးဖြစ်တဲ့ မင်းသား တင်မောင်ဆန်းမင်းဝင်း ရဲ့ ယခင်နှစ်က မိုးရာသီ ဖျော်ဖြေပွဲ ကပြဖျော်ဖြေမှုဟာ ပရိသတ်နှစ်ခြိုက်အားပေးမှုရရှိခဲ့တဲ့အတွက် ဒီနှစ်မှာလည်း “ရွှေမန်းလာပြီ” အမည်နဲ့ မိုးရာသီဖျော်ဖြေပွဲကို ဇွန် ၁၇ ရက်နေ့ကစလို့ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကပြဖျော် ဖြေနေပြီဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းဇာတ်ကို အားပေးကြတဲ့အထဲမှာ တင်မောင်ဆန်းမင်းဝင်းရဲ့သားငယ်လေး မင်းရွှေရောင်တင်(ခ)ပူတူးကို ပရိသတ်တွေ သဘောကျနှစ်ခြိုက်ကြတဲ့အကြောင်းအရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ မင်းရွှေရောင်တင် အမည်နဲ့ပါ ကြော်ငြာရတဲ့အထိ အောင်မြင်လာခဲ့တယ်လို့လည်း သိရပါတယ်။ မင်းရွှေရောင်တင်(ခ)ပူတူးဟာ ယခင်နှစ် ကပြဖျော်ဖြေခဲ့စဉ်က အသက် ၂ နှစ်ခွဲ ကျော်ကျော်သာ ရှိသေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ဇာတ်မင်းသားလေးလည်း ဖြစ်ပါတယ်။
မိခင်ဖြစ်သူက သားကို အသက်ငယ်ငယ်နဲ့မကစေချင်ပေမယ့် သူ့ရဲ့ ၀ါသနာကို တားမရတဲ့အတွက် ပေးကခဲ့ရတယ်လို့လည်း ဧရာဝတီကို ပြောပြခဲ့ဖူးပါတယ်။ ယခုနှစ်မှာတော့ အသက်လေးနှစ်မပြည့်သေးတဲ့ ဇာတ်မင်းသားလေးဟာ နှစ်ပါးသွားအကတွေအပြင် ဖခင်နဲ့အတူ စင်မြင့်ပေါ်မှာ ခေတ်သစ်ရွဲကုန်သည် ဇာတ်နဲ့ ဇော်ဂျီအကကို ကပြဖျော်ဖြေနေပါပြီ။ “ရွှေမန်းလာပြီ” အမည်ဖြင့် တင်မောင်ဆန်းမင်းဝင်း ဇာတ်ကို အပတ်စဉ် သောကြာ၊ စနေနေ့တွေမှာ ည ၉ နာရီ မှ စတင်ကပြဖျော်ဖြေနေတာဖြစ်ပြီး MNTV ရုပ်သံလိုင်းကလည်း တိုက်ရိုက် ထုတ်လွှင့် ပြသနေတာ ဖြစ်ပါတယ်။
Credit : theirrawaddyburmese/
ဓာတ်ပုံများ - အေးမမ ဖေ့စ်ဘုတ်မှ #IrrawaddyLifestyle #IrrawaddyEntertainment #ယုမွန်ကျော်