1. Home
  2. Special or Others

စင်ကာပူနိုင်ငံက မလေးရှားနိုင်ငံကို တစ်ရက်လျှင် သန့်စင်ပြီးရေဂါလန်ခြောက်သန်း တိုး၍ရောင်းချခဲ့ရ

Special or Others ก.ค. 20, 2559 view 1,637

စင်ကာပူ - မလေးရှားနိုင်ငံ ရေထိန်းသိမ်းစီမံရေးအဖွဲ့၏ အရေးတကြီး မေတ္တာရပ်ခံမှုကြောင့် စင်ကာပူနိုင်ငံသည် မလေးရှားနိုင်ငံသို့ တစ်ရက်လျှင် သန့်စင်ပြီး ရေဂါလန်ခြောက်သန်းကို ထပ်တိုး၍ ရောင်းချခဲ့ရသည်။ မလေးရှားနိုင်ငံ၏ ရေထိန်းသိမ်း စီမံရေးအဖွဲ့ ဘာဒန် ကာဝါလ်ဆီလီယာ အဲ ဂျိုဟိုး (Bakaj) က ရေသန့်ဖြည့်တင်းမှုကို ထပ်တိုးရောင်းချပေးရန် စင်ကာပူ အမျိုးသားရေအေဂျင်စီ (PUB) ကို ဇူလိုင် ၁၆ ရက်က အရေးတကြီး မေတ္တာရပ်ခံခြင်းကြောင့် ထိုသို့ ထပ်တိုး၍ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် PUB ၏ ကြေညာချက်တစ်ရပ်တွင် ''ဂျိုဟိုးမြစ်ရေညစ်ညမ်းမှုကြောင့် ဇူလိုင် ၁၃ ရက်က ရေပြတ်လပ်ပြီးနောက်ပိုင်း ဂျိုဟိုး ဘာရူမြို့မှာရှိတဲ့ ရေဖြည့်တင်းရေးစနစ် အခြေမပျက် ဆက်လက်လည်ပတ်နိုင်ရန် Bakaj က PUB ကို အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်'' ဟု ဖော်ပြထားသည်။ ရေပမာဏ ထပ်တိုး၍ ထောက်ပံ့ပေးပို့ခြင်းမှာ ဇူလိုင် ၁၇ ရက်က စတင်ပြီး ဇူလိုင် ၁၉ ရက်အထိ သုံးရက်ကြာမြင့်ခဲ့သည်။

PUB က ဆောင်ရွက်နေသည့် ဂျိုဟိုးမြစ်ရေ သန့်စင်ဖြန့်ဖြူးသည့်စက်ရုံက သန့်စင်ပြီး ရေများကို မလေးရှားသို့ ပေးပို့ခဲ့သည်။ သို့သော်လည်း ထိုသို့ မလေးရှားသို့ ရေပမာဏတိုး၍ ပေးပို့ခြင်းက စင်ကာပူနိုင်ငံ၏ ပြည်တွင်းရေထောက်ပံ့ပေးမှုကို ထိခိုက်လိမ့်မည်မဟုတ်ကြောင်း PUB က ပြောကြားသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ၏ ရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် သန့်စင်ပြီးရေများ ပိုမိုထုတ်လုပ်ရမည်ဖြစ်သည်။ စားအုန်းဆီ စက်ရုံတစ်ရုံက စွန့်ပစ်လိုက်သည့် ရေဆိုးများသည် ဂျိုဟိုးမြစ် (မြစ်ညာပိုင်း) အတွင်း အမိုးနီးယားပါဝင်မှု မြင့်မားစေသည့် အဓိက အကြောင်းရင်းဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က မလေးရှား နေ့စဉ်သတင်းစာ The Star ၌ ဖော်ပြခဲ့သည်။ မြစ်ရေညစ်ညမ်းမှုကြောင့် ဂျိုဟိုးရှိ ရေသန့်စင်စက်ရုံသုံးခု၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရရာ ဂျိုဟိုးပြည်နယ်တောင်ပိုင်း ဒေသများတွင်နေထိုင်သူ လူ ၆ဝဝ,ဝဝဝ ခန့် ရေပြဿနာနှင့်ရင်ဆိုင်ခဲ့ရကြောင်း အဆိုပါ သတင်းစာ၌ပါရှိသည်။ မလေးရှားနှင့် သဘောတူထားခဲ့သည့် ၁၉၆၂ ခုနှစ် ရေ သဘောတူညီချက်အရ စင်ကာပူနိုင်ငံသည် ၂ဝ၆၁ ခုနှစ်အထိ ဂျိုဟိုးမြစ်အတွင်းမှ နေ့စဉ် မြစ်ရေဂါလန်ပေါင်း သန်း ၂၅ဝ ကို ထုတ်ယူခွင့်ရရှိထားသည်။

အပြန်အလှန်အားဖြင့် သန့်စင်ထားသည့် မြစ်ရေဂါလန်ငါးသန်းကို စင်ကာပူက မလေးရှားသို့ နေ့စဉ်ရောင်းချပေးရမည်ဖြစ်သည်။ သို့သော်လည်း PUB က မလေးရှားနိုင်ငံသို့ နေ့စဉ်နေ့တိုင်း ရေဂါလန် ၁၆ သန်းအထိ ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ နောက်ထပ် ရေဂါလန်ခြောက်သန်း ထပ်တိုးရောင်းချပေးခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံက ရေဂါလန် ထပ်တိုးရောင်းချပေးရန် တောင်းဆိုမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်ကလည်း ထိုကဲ့သို့ အရေးတကြီး တောင်းဆိုမှုများကြောင့် မလေးရှားနိုင်ငံသို့ ရေဂါလန်တိုး၍ ရောင်းချပေးရခြင်းများ ရှိခဲ့ကြောင်း PUB က ပြောကြားခဲ့သည်။ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဒဏ်ကိုခံစားခဲ့ရပြီးနောက် ဂျိုဟိုးရှိ Sungai Layang ဆည်ရှိ ရေပမာဏ အမှတ်သင်္ကေတများ ဆိုးရွားစွာ လျော့နည်းကျဆင်းခဲ့ရာ ပြီးခဲ့သည့်လကလည်း တစ်ရက်လျှင် ရေဂါလန်ခြောက်သန်းတိုး၍ တစ်လကြာ ရောင်းချပေးရန် PUB ကို Bakaj က မေတ္တာရပ်ခံခဲ့ဖူးသည်။

Credit : myanmar.mmtimes.com/



Follow us on