1. Home
  2. Special or Others

ဖခင်ကို ဘတ်ငွေနှစ်သောင်းပေးပြီး သတ်ခိုင်းသည့် သားဖြစ်သူကို ဖမ်းဆီး

Special or Others ก.ค. 26, 2559 view 1,503

ထိုင်းနိုင်ငံ၊ ကာလာဇင်ခရိုင်ထဲမှာ ဘတ်ငွေ ၂ သောင်းပေးပြီး ဖခင်ကိုသတ်ဖို့ စေခိုင်းခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ တခြားဆယ်ကျော်သက် သူငယ်ချင်း ၃ ဦးကို ငွေပေးပြီး ဖခင်ကို သတ်ခိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဖခင်ဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ထိုးခွဲထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ လက်ရှိမှာတော့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူဟာ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ထိခိုက်ဒဏ်ရာတွေအတွက် အချက်ပေါင်း ၁၀၀ လောက် ချုပ်ခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ရဲတွေက သူခိုးတဦးရဲ့လက်ချက် ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အေအမည်ရတဲ့ သားဖြစ်သူဟာ တရားခံဖြစ်တယ်လို့ စုံစမ်းတွေ့ရှိခဲ့ကြတာပါ။ သူက သူငယ်ချင်း ၃ ဦးကို ဘတ်ငွေ ၂ သောင်းပေးပြီး ဖခင်ကို သတ်ခိုင်းခဲ့ကြောင်း ရဲတွေကို ၀န်ခံထွက်ဆိုပါတယ်။

ညအချိန်မှာ သူခိုးယောင်ဆောင်ပြီး အိမ်ထဲကိုခိုးဝင် သတ်ဖို့ ကြံစည်ခဲ့ပေမယ့် အိမ်မှာမွေးထားတဲ့ ကြက်တွေရဲ့အသံကြောင့် သူ့ရဲ့ဖခင်ဖြစ်သူဟာ နိုးလာခဲ့ပြီး စူးစမ်းခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ဖခင်ဖြစ်သူကို သေလောက်သည်အထိ တိုက်ခိုက်ခဲ့ကြပြီး ထွက်ပြေးခဲ့ကြချိန်မှာ အဖိုးအိုက မသေခဲ့ဘဲ ဒဏ်ရာတွေနဲ့ အသက်ရှင်ကျန်ခဲ့တာပါ။ တရားခံဖြစ်သူက သူဟာ ဖခင်ဖြစ်သူနဲ့ မကြာသေးခင်က စကားများထားခဲ့ပြီး ဖခင်ဖြစ်သူဟာ သူ့ရဲ့ဘ၀တလျှောက်လုံးမှာ ဆူပူပြီး အနှောင့်အယှက် ပေးခဲ့တယ်လို့ ပြောပါတယ်။ ထွက်ပြေးနေတဲ့ ကျန်တဲ့ လူငယ် ၃ ဦးဟာလည်း အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား ဆယ်ကျော်သက်အရွယ်တွေဖြစ်ကာ လက်ရှိမှာတော့ ဖမ်းမမိသေးပါဘူး။ လက်ရှိမှာတော့ ရဲဌာနနဲ့ ကလေးသူငယ် ကာကွယ်ပေးရေးဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး ဆက်လက်အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Credit : http://burmese.dvb.no/



Follow us on