မြန်မာပြည်နေရာအနှံ့ရှိ ကျောင်းမုန့်စားဆိုင်များနှင့် မုန့်ဆိုင်များတွင် ဆေးလိပ်ပုံသဏ္ဍန်ပြုလုပ်ထားသော မုန့်များ၊ ချိုချဉ်များကို ရောင်းချပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌါနမှ အသိပေးနှိုးဆော်ထားပါသည်။
ယင်းကဲ့သို့ ဆေးလိပ်နှင့် ဆေးလိပ်ဘူးပုံသဏ္ဍန်ပြုလုပ်ထားသော အစားအသောက်များသည် ကလေးငယ်များကို ဆေးလိပ်သောက်တတ်လာအောင် တိုက်တွန်းသည့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်စေသည့်အတွက် တားမြစ်ရခြင်းဖြစ်သည်။ ကလေးအစားအစာ၊ ကစားစရာနှင့် အသုံးဆောင်ပစ္စည်းများကိုလည်း ဆေးလိပ်ပုံသဏ္ဍန် ပြုလုပ်ရောင်းချခြင်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးတွင် ပြဌါန်းထားသည့် ဥပဒေပုဒ်မ ၁၃ (င) ကို ချိုးဖောက်ရာရောက်သဖြင့် အဆိုပါပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ အရေးယူခြင်းတို့ကို ဥပဒေအရ ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌါန နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌါန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းများ အားလုံး ပူးပေါင်း၍ ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်း နှင့် စာသင်ကျောင်း မုန့်ဈေးတန်း ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။