ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၌ သက်ဆိုင်ရာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် လုယက်မှု ကျုးလွန်နေသူများ၏ ဓာတ်ပုံအား အများပြည်သူ သိရှိစေရန် စက်တင်ဘာ ၃ ရက်တွင် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေသည့် စာရွက်တွင် ဆိုင်ကယ်ဖြင့် လုယက်မှု ကျုးလွန်နေသည့် အမျိုးသားသုံးဦး၏ပုံ ပါဝင်ပြီး ၎င်းတို့ကို တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ သတင်းပေး တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်နှင့် လုယက်ခံရမှုများမှ အများပြည်သူ ရှောင်ရှားနိုင်ရန် ပညာပေး လမ်းညွှန်ထားသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်ပုံတွင် ပါဝင်သည့် အမျိုးသား သုံးဦးမှာ ပြီးခဲ့သည့် သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက် မီးပွိုင့်အနီး ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်အား ဆိုင်ကယ်ဖြင့် လုယက်ခဲ့သူများဖြစ်ပြီး ၎င်းတို့၏ ပုံကို ယာဉ်မောင်းတစ်ဦးက ဓာတ်ပုံရိုက်၍ လူမှုကွန်ရက် Faecbook တွင် တင်ခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ လုယက်မှု ကျုးလွန်သူတွေရဲ့ပုံကို ပရင့်ထုတ်ပြီး ကားမှတ်တိုင်တွေနဲ့ လူစည်ကားတဲ့ စီးတီးမတ်တို့လို နေရာတွေမှာ အများပြည်သူ သိရှိအောင် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ သူတို့ကို တွေ့ရှိခဲ့ရင် ဒါမှမဟုတ် လုယက်မှုဖြစ်စဉ်နဲ့ အခြားမှုခင်းဖြစ်စဉ် တွေ့ကြုံခဲ့ရတယ်ဆိုရင် မြို့နယ်ရဲစခန်းကို ဆက်သွယ် သတင်းပေးနိုင်အောင်လို့ အခုလို ဖြန့်ဝေရခြင်း ဖြစ်ပါတယ်
ဟု ဒဂုံမြောက် မြို့မရဲစခန်းမှူးက ပြောကြားသည်။
ထိုသို့ ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးမှုများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် မကြာခဏ ဆိုသလို ဖြစ်ပွားလျက် ရှိသောကြောင့် ဒဂုံမြောက်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူများကိုလည်း ရှောင်တခင်ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အခုလို ဆိုင်ကယ်စီးပြီး လုယက်မှု ကျုးလွန်သူတွေပုံ ဖြန့်ဝေတာရယ်၊ လုယက်မှု မကျုးလွန်ခံရအောင် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်တဲ့ အကြောင်းကို စာရွက်ထုတ်ပြီး ကိုယ့်မြို့နယ် အစီအစဉ်နဲ့ကိုယ် ဖြန့်ဝေတာ ဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာတော့ လှည့်ကင်း၊ ဝပ်ကင်းတွေတော့ ပုံမှန် ပြုလုပ်နေပါတယ်
ဟု ဒဂုံမြောက်မြို့နယ်မှူး ရဲမှူးလှသန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် မှုခင်းဖြစ်ပွားမှု လျော့ကျရေး စီမံချက်အဖြစ် Pilot ပရောဂျက်အား မြို့နယ်အသီးသီးတွင် တစ်လစီမံချက်ဖြင့် လုံခြုံရေး တိုးမြှင့်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူသတ်မှု ၁၀၆ မှု၊ မုဒိမ်းမှု ၁၀၈ မှု၊ လုယက်မှု ၃၄ မှု၊ ဓားပြမှု တစ်မှု၊ ဖောက်ထွင်းမှု လေးမှု ဖြစ်ပွားပြီး ၂၀၁၅ ခုနှစ် အတွင်းက လူသတ်မှု ၁၉၁ မှု၊ လုယက်မှု ၆၇ မှု၊ မုဒိမ်းမှု ၁၁၀၊ ဓားပြမှုလေးမှု၊ ဖောက်ထွင်းမှု ၂၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Source: ဝေလင်းအောင်