လွန်ခဲ့သည့် ၂နှစ် ကတည်းက ရပ်ဆိုင်းထားသည့် ပြည်ပသို့ အိမ်အကူ စေလွှတ်မှုကိုတရားဝင် ပြန်လည်ပို့ဆောင်ခွင့်နှင့် ပတ်သက်၍ ဝန်ကြီးဌာန၏သဘောထား တစ်ခုတည်းဖြင့် ဆုံးဖြတ်၍မရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောသည်။ လက်ရှိအချိန်အထိ တရားမဝင်သွားရောက်လုပ်ကိုင်မှုများရှိ နေခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် ပြန်လည် စဉ်းစားသင့်သော်လည်း ယင်းကိစ္စသည် နိုင်ငံ့အကြီးအကဲအဆင့်ဆင့်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်ဟု ဆိုသည်။
လုပ်ချင်တဲ့သူတွေရဲ့ ဘဝ ရှင်သန်ရေးအတွက် စဉ်းစားရမယ့်အပိုင်းတွေရှိတယ်။ ဒါပေမဲ့ ဒီကိစ္စက ဝန်ကြီးဌာန တစ်ခုတည်း ဆုံးဖြတ်လို့မရဘူး။ တာဝန်ရှိသူအဆင့်ဆင့် စဉ်းစားရမယ့် ကိစ္စဖြစ်နေတယ်
ဟု ဦးမျိုးအောင်ကပြောသည်။
ပြည်ပသို့ အိမ်အကူလုပ်သားစေလွှတ်မှုကြောင့် တိုင်းပြည် ၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ဆိုကာ ဝေဖန်မှုများရှိလာ၍ ပြီးခဲ့သည့်အစိုးရ လက်ထက်က တည်းက ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းသည် တစ်လ ဒေါ်လာ ၄၀၀ မှ ၅၀၀ အထိ ရရှိ၍ ပြည်တွင်းတွင် ရရှိသည့်ဝင်ငွေထက် များစွာသာလွန်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အစိုးရက လွှတ်ခွင့်ပေး တုန်းကတော့ ပြည်ပမှာ ကျွန်လုပ်ရတဲ့အလုပ်ကို အစိုးရကအားပေးတယ်ဆိုပြီး ဝေဖန်တယ်။ ပို့ခွင့်ရပ်လိုက်တော့ သွားမလုပ်ကြတော့ဘူးလားဆိုရင် နေ့စဉ်လိုလို ခိုးသွားနေကြတာအများကြီး။ အဲဒါကြည့်လိုက်ရင် သွားရောက် လုပ်ကိုင်ချင်တဲ့သူတွေအများကြီး ရှိနေတယ်ဆိုတာတွေ့ရတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့အခါမှာ သူတို့အတွက် လုံခြုံမှုနည်းသွား စေတယ်
ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။
အစိုးရသစ်လက်ထက်တွင် အိမ်အကူလုပ်သားများ ပြန်လည် စေလွှတ်ခွင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချထားခြင်း မရှိသော်လည်း ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေသည့် အိမ်အကူလုပ်သားများကို တရားဝင်အထောက်အထားရရှိအောင် လုပ်ဆောင်ပေးမည့်အစီအစဉ်များ စတင်နေသည်ဟုဆိုသည်။
တရားမဝင် အိမ်အကူလုပ်သားများအဖြစ် စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့သို့ အများဆုံးသွားရောက် လုပ်ကိုင်နေကြပြီး တရားမဝင် လုပ်ကိုင်နေသူ သုံးသောင်းကျော်ရှိနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
Credit: 7Day