စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃ မဟာနာယက အဖွဲ့ ရုံးဝင်းအတွင်း မင်္ဂလာဈေးဓမ္မာရုံ၌ ပြုလုပ်သည့် တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့ (ဂိုဏ်းပေါင်းစုံ) အစည်းအဝေးတွင် ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော သံဃာတော်များ နှင့် သံဃာ အတုအယောင်များကို ဓမ္မစက်၊ အာဏာ စက်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ မြို့နယ် သံဃမဟာနာယက အဖွဲ့များ၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သံဃာတွေ၊ သီလရှင်တွေ သမဏသာရုပ္ပ မဖြစ်တဲ့ကိစ္စတွေ နောက် အလှူခံတဲ့ကိစ္စတွေ၊ မော်တော်ယာဉ် ဆိုင်ကယ် မောင်း တဲ့ ကိစ္စတွေ ဒါတွေနဲ့ပတ်သက်ပြီး စည်းကမ်း ထိန်းသိမ်းရေး ကိစ္စတွေကို သံဃအဖွဲ့အစည်းတွေနဲ့ အာဏာပိုင်အဖွဲ့ အစည်းတွေ ပူးပေါင်းပြီး ထိန်းသိမ်းဖို့ပါ။ သံဃ အဖွဲ့အစည်းကနေ သမဏသာရုပ္ပ မဖြစ်လို့ ဓမ္မစက်နဲ့ အရေးယူတဲ့ဟာကို အာဏာစက်ကလည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးမယ်
ဟု တိုင်းသာသနာရေး ဦးစီးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားသည်။
မြန်မာ တနိုင်ငံလုံးတွင် ရဟန်းသံဃာတော် ကျောင်းတိုက်ပေါင်း ခြောက်သောင်း ကျော်၊ ရဟန်းသံဃာ စုစုပေါင်း ငါးသိန်း နှစ်သောင်း ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဘုန်းကြီးကျောင်းပေါင်း ၆၀၀၀ ကျော်နှင့် ရဟန်းသံဃာတော်နှင့် သာမဏေ စုစုပေါင်း ၈၅,၀၀၀ ကျော်ရှိပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်း မရှိသည့် ရဟန်း သံဃာတော်များကို ဓမ္မစက်ဖွင့် လျက်ရှိသော်လည်း အစိုးရ၏ အာဏာစက်ဖြင့် ပူးပေါင်း ဆောင်ရွက်မှသာ ပိုမိုထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း သြဝါဒမိန့်ကြားခဲ့သည်။
ကျူးကျော် ဘုန်းကြီးကျောင်းများကိုလည်း သက်ဆိုင်ရာ သံဃ မဟာနာယက အဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝိနည်းတော်နှင့်မညီသော ကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ခြင်းများ ယခင်ကတည်းက ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ယခုအခါ ပိုမို စနစ်ကျစေရန် စည်းကမ်း ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း၍ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တိုင်းသာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Ref:ဧရာဝတီ