1. Home
  2. Myanmar News

ဓားကိုင်ဆောင်ရမ်းကားသူ(၂)ဦးမှ ရဲတပ်ဖွဲ့ဝင်များအား ခုခံရန်ပြုခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ထိန်းသိမ်း

Myanmar News ต.ค. 05, 2559 view 1,553
၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ နေ့လည် ၁:၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/နောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ ထမင်းဆိုင်ရှေ့တွင် အမျိုးသား ၂ ဦး ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းရရှိခဲ့သည့်အတွက် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ မော်တော်ယာဉ်လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်ထိန်းသိမ်းခဲ့ရာ ဓားကိုင် သောင်းကျန်းနေသူများဖြစ်သည့် အဆိုပါလမ်းနေ ကျော်ဝင်းထွန်း ၂၃ နှစ် နှင့် သန်းချို ၁၈ နှစ်တို့မှာ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းပြီး သန်းချိုမှ အုတ်ခဲကျိုးဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဦးခေါင်းအား ထိမှန်ခဲ့သည်။
 
၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များမှထိန်းသိမ်းမှုကို အသာတကြည်နာခံမှုမရှိဘဲ ခုခံရန်ပြုခဲ့သဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်၍ ၎င်းတို့ ၂ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ရသည်။ ယင်းသို့ ပစ်ခတ်သဖြင့် ဓားကိုင်သောင်းကျန်းသူ သန်းချို၏ ဝဲဘက်ဒူးအထက်နေရာ၌ သေနတ်ထိမှန်ခဲ့ပြီး အနည်းငယ်ပေါက်ပြဲ
ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ ဆေးကုသပေးခဲ့ပါသည်။
 
 
အဆိုပါ ဓါးကိုင်ခြိမ်းခြောက် သောင်းကျန်သူ ၂ ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၇၃၅/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ (ပ)၇၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit:ရန်ကုန်တိုင်းရဲတပ်ဖွဲ့


Follow us on