1. Home
  2. Myanmar News

ကျိုက်ထီးရိုးရှိ ထမင်းဆိုင်များတွင် ခရီးသွားများအား အခမဲ့ တည်းခိုခွင့်ပြုမည်

Myanmar News ต.ค. 10, 2559 view 1,791
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်၏ ၂၀၁၆-၂၀၁၇ ခုနှစ်ဘုရားပွဲတော်ကာလ အတွင်း တောင်ပေါ်ရှိထမင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားများအား အခမဲ့တည်းခိုခွင့်ပေးရန်နှင့် အခြားဝန် ဆောင်မှုများအတွက် သင့်တင့်သောဈေးနှုန်းများကောက်ခံပေးရန် ဂေါပကအဖွဲ့ကမှာကြားထားကြောင်း ကျိုက်ထီးရိုးရှိ ထမင်းဆိုင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
 
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်လုပ်ငန်းလုပ်ကိုင်သူများ အောက်တို ဘာ ၈ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ရာတွင် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က မှာကြားခဲ့ခြင်းဖြစ်ကြောင်း ထမင်းဆိုင်လုပ် ငန်းရှင်တို့က ဆိုသည်။
 
ထမင်းဆိုင်အချို့တွေက တည်းခိုခန်းတွေထက် ဈေးနှုန်းများပြီး ကောက်ခံနေတာတွေရှိတယ်။ ဒါကိုတည်းခိုခန်း ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း သူတို့တွေပဲနစ်နာမယ်။ ဒါကြောင့် သူတို့တွေကို ဘယ်လိုတွေလုပ် ဆောင်မယ်ဆိုတာကို သဘောထားကောက်ခံတယ်။ သူတို့သဘောထားအတိုင်း ထမင်းဆိုင်တွေမှာ တည်းခိုတဲ့ သူတွေကို သူတို့ဆီမှာ ထမင်းစားပြီးတည်းခိုရင် အခမဲ့တည်းခွင့်ပြုရမယ်။ ထမင်းမစားဘဲတည်းခိုရင် အခန်းခကို ကောက်ယူခွင့် မပြုဘဲ စောင်၊ ခေါင်းအုံး၊ ဖျာခတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ကောက်ခံဖို့ကိုတော့ ခွင့်ပြုထားတယ်။” ဟု ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်မျိုးကပြောသည်။
 
ကျိုက်ထီးရိုးစေတီတော်သို့လာရောက်သည့် ဘုရားဖူးပြည်သူများအဆင်ပြေစေရန်အပြင် ဈေးသူဈေးသားများ လည်း အဆင်ပြေစေရန်အတွက် ညှိနှိုင်းမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စောင်၊ ခေါင်းအုံး၊ ဖျာငှားရမ်းရာ တွင်လည်း ဂေါပကအဖွဲ့မှ ချမှတ်ပေးထားသည့် ဈေးနှုန်းအတိုင်းသာ ငှားရမ်းပေးရမည့်အပြင် ဓမ္မာရုံများအားလုံး တွင် အခမဲ့တည်းခိုနိုင်ရေးလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်မျိုးက ပြောသည်။
 
“ဂေါပကအဖွဲ့က အခုလိုစည်းကမ်းချမှတ်ပေးတာကို သဘောကျပါတယ်။ ထမင်းဆိုင်တွေကို အခမဲ့တည်းခိုခွင့် ပေးပါလို့ဆိုပေမယ့် ကျွန်မတို့အနေနဲ့က ထမင်းလာစားတဲ့လူတွေကို အဆင်ပြေသလို အလကားတည်းခိုခွင့်ပေးပြီး အခမဲ့ပေးတည်းတဲ့နေရာမှာလည်း စောင်၊ ခေါင်းအုံး၊ ခြင်ထောင်တွေကိုတော့ ထိုက်သင့်တဲ့အခကြေးငွေနဲ့ ငှားရမ်းပေးဖို့ကိုလည်း ဂေါပကအဖွဲ့တွေကတော့ပြောတယ်။ ဆိုင်သမားတွေအနေနဲ့ကလည်း ဒါကိုအားလုံး  လက်ခံကြတယ်။” ဟု မြတ်ထိပ်စံ ထမင်းဆိုင်မှ မတင်တင်အေးကပြောသည်။
 
ဈေးဆိုင်ခန်းရှင်များအနေဖြင့် ယခင်ဂေါပက အဆက်ဆက်မှ ချမှတ်ခဲ့သည့်စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိခဲ့ကြောင်းကြားသိရသဖြင့် ယခုဂေါပကသစ် လက်ထက်တွင် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ရန်နှင့် ဈေးနှုန်းများ အတည်ပြုသတ်မှတ်နိုင်ရန်အတွက် အောက်တိုဘာ ၆ ရက်တွင် ကျိုက်ထိုမြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌ ဆိုင်ခန်းဖွင့် လှစ်ရောင်းချကြမည့်လုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ၍ ၎င်းတို့၏ ဆန္ဒသဘောထားများအား တောင်းခံခဲ့ခြင်းဖြစ်သည်။
 
ဘုရားပွဲတော်ကာလအတွက် ဝန်ဆောင်မှုများဆောင်ရွက်သွားကြမည့် စားသောက်ဆိုင်များ၊ တည်းခိုဆောင် များ၊ အခြားလုပ်ငန်းများနှင့်ဈေးဆိုင်များ ပြန်လည်နေရာချပေးခြင်းကို အောက်တိုဘာ ၈ ရက်တွင်ပြုလုပ်ခဲ့ပြီး ဆိုင်ခန်းရှင်များအနေဖြင့် ဂေါပကအဖွဲ့မှ ချမှတ်ထားသောစည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
 
Credit:မြစ်မခမီဒီယာ


Follow us on