1. Home
  2. Myanmar News

ဥပဒေနှင့်မညီသည့် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်များအား အရေးယူဆောင်ရွက်ရန် လွှတ်တော်တွင်ဆွေးနွေး

Myanmar News ต.ค. 12, 2559 view 1,516
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် မညီသည့် နိုင်ငံခြားသားပိုင် စီးပွားရေး လုပ်ငန်းများအား တည်ဆဲဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်(၃)ဦးမှ ထောက်ခံဆွေးနွေးကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်လိုက်ကြောင်း သတင်းရရှိသည်။
 
ယင်းအဆိုကို လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က တင်သွင်းခဲ့ပြီး အောက်တိုဘာ(၁၁) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် မှတ်တမ်းတင်လိုက်ကြောင်း သိရသည်။
“ဥပဒေတွေကလည်း ရှိပြီးသား၊ ပြစ်ဒဏ်တွေကလည်း ရှိပြီးသား အဓိကလိုအပ်နေတာကတော့ ဒီဥပဒေတွေ အတိုင်းဘယ်လိုအရေးယူ ဆောင်ရွက်ကြမလဲဆိုတာပဲပေါ့။ ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ အညီ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ကြိုဆိုပါတယ်။ ဥပဒေပြင်ပလုပ်ကိုင် နေသူတွေကိုတော့ သေချာ စိစစ်အရေးယူရမှာပဲဖြစ်ပါတယ်။ ဒီကိစ္စကတော့ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးထက် ပြည်ထောင်စုနဲ့ ပိုသက်ဆိုင်တဲ့ ကိစ္စလို့ ထင်မြင်မိပါတယ်။” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
 
ယင်းအဆိုကို ဆွေးနွေးထောက်ခံသူများမှ နိုင်ငံခြားသားပိုင် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ဆင့်ပွား ဈေးရောင်းချနေသည့် Multi Level Marketing (MLM) ၏ ဈေးကွက် စီးပွားရေးအရ မြန်မာနိုင်ငံသားများ အတွက် အကျိုးမရှိပုံကိုလည်း ထောက်ခံဆွေးနွေးခဲ့သည်။
“လုပ်ခအနေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေက မြန်မာနိုင်ငံက အလုပ်သမားတွေထက်လုပ်ခလစာ သုံးဆ ရရှိပြီးတော့ မြန်မာအလုပ်သမားတွေဟာ ခွဲခြားဆက်ဆံခံနေရပါတယ်။ အဆိုပါနိုင်ငံခြားသား အလုပ်သမား များသည် လုပ်ငန်းခွင်အနီးရှိ ရပ်ကွက်တွေမှာ  အိမ်ငှားပြီးတော့ တရားမဝင်နေထိုင်နေပြီးတော့ အချို့နေရာ တွေမှာ လမ်းတွေမှာ သောက်စားကာ အုပ်စုဖွဲ့စည်းကမ်းပျက်နေထိုင်တာကိုလည်း သိရှိရပါတယ်။”ဟု အဆိုကို ထောက်ခံဆွေးနွေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့် တရားဝင်နိုင်ငံခြားသား အရေ အတွက် (၃၉၂၈) ဦးရှိပြီး Business ဗီဇာဖြင့် ဝင်ရောက်လာကြသူများဖြစ်ကာ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ကဏ္ဍ(၈)ခုပေါ်တွင် မူတည်ကာ Work Permit ထုတ်ပေးကြောင်း သိရသည်။ 
 
Credit:မြစ်မခမီဒီယာ
 


Follow us on