1. Home
  2. Myanmar News

လက်ငင်း ၃၀% ပေးချ တစ်လ ၁ သိန်းသွင်းစနစ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာအခန်းများ

Myanmar News ต.ค. 14, 2559 view 1,845
မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၂၀၈ ခန်းကိုဆောက်လုပ်ခဲ့ပြီး ၇၀% သောအခန်းအရေအတွက် ၁၅၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီးအစီအစဉ်နှင့် ရောင်းချနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေးသည့် အခန်းပေါင်း ၆၅၆ ခန်းကို အခန်းတန်ဖိုး၏ ၃၀% လက်ငင်းငွေချေပြီး ကျန်ငွေများကို တစ်လလျှင် ကျပ် ၁ သိန်းဝန်းကျင်နှင့် ပေးချေနိုင်သော စနစ်နှင့် ရောင်းချသွားမည်ဟု သိရှိရသည်။
 
အဆိုပါ အိမ်ခန်းများကို အရစ်ကျဝယ်ယူနိုင်ရန် မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနကဖွင့်လှစ်ထားသည့် ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံဖြိုးရေးဘဏ်မှာ ငွေစုစာရင်းဖွင့်၍ ငွေစုရန်လိုအပ်ပါသည်။ အခန်းတန်ဖိုး လက်ငင်းပေးချေရမည့် ၃၀% ပြည့်မီသူတွေကို ဦးစားပေးရောင်းချသွားမည်ဟု သိရှိရသည်။
 
အဓိကရည်ရွယ်ချက်ကတော့ ဘဏ်မှာငွေလာစုပြီး အိမ်ရာဝယ်ယူတဲ့အလေ့အကျင့်တွေ ရစေချင်တယ် ဒီလိုလာစုဆောင်းရင်းသတ်မှတ်ထားတဲ့ ငွေပမာဏပြည့်သွားရင် ကိုယ်လိုချင်တဲ့ အခန်းကို တင်ပြပြီး ဝယ်ယူနိုင်မယ်၊ ဌာနဘက်ကလည်း ဒီလိုငွေစုဆောင်းတဲ့သူတွေဆီကနေ ပြည်သူတွေဘယ်လိုနေရာတွေမှာ အိမ်ရာတွေလိုအပ်နေတယ်ဆိုတဲ့ housing data တွေရလာနိုင်တယ် “ ဟု မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခန်းဝယ်ယူဖို့ စုဆောင်းငွေ၊ အခန်းရဲ့ ၃၀ရာခိုင်နှုန်းပြည့်မှီသူတွေကိုတော့ မိမိနေထိုင်လိုတဲ့ အခန်းတွေကို မေးမြန်းထားတာဖြစ်ပြီး လက်ရှိမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်လိုတဲ့အရေအတွက်များပြားနေပါတယ်။ လက်တလောအခြေအနေတွင် စုဆောင်းငွေပြည့်မှီသူ အရေအတွက်နှင့် ရောင်းချမည့် အခန်းအရေတွက်က ကိုက်ညီနေတာကြောင့် အစဉ်လိုက်အတိုင်း ရောင်းချပေးရမယ့် အခြေနေရှိပါတယ်။ စုဆောင်းငွေ ပြည့်မီပြီး တိုက်ခန်း မရလိုက်တာမျိုးရှိပါက နောက်ပိုင်း ဆောက်လုပ်အကောင်ထည်ဖော်ဖို့ ယာထားတဲ့ အိမ်ရာတွေကို ဦးစားပေးအနေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 
“ ဖြစ်နိုင်ရင်တော့ အားလုံးကို လစဉ်ပုံမှန်အိမ်ရာဝယ်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ငွေစုစေချင်လို့ အိမ်ရာတွေကို ဘဏ်ချေးငွေ နှစ်များများတွေပေးပြီး ရောင်းချပေးမှာပါ၊ ဒီလိုငွေစုတဲ့သူတွေဘက်ကလဲ တစ်ခါတည်းငွေအားလုံးကို ရှိတာတွေရောင်းပြီး အပ်လိုက်တာမျိုးမဟုတ်ဘဲ လစဉ်ငွေနဲ့ ဝန်မပိစေပဲ ဝယ်နိုင်အောင်ဆောင်ရွက်ချင်တာ “ ဟု မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ် ဦးကပဲပြောပါတယ်။
 
အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်းသူတွေ အဆင်ပြေစေရန်အတွက် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံဖြိုးရေးဘဏ်တွင် ပထမအကြိမ် ငွေစုစာအုပ်လာလုပ်ထားရန်သာ လိုအပ်ပြီး နောက်ပိုင်းတွင် ကျန်ရှိသော လစဉ်ငွေလာရောက်စုဆောင်းဖို့အခက်အခဲရှိပါက KBZ , AYA , AGD , GTB , MCB, NSB စတဲ့ ဘဏ်တွေကတစ်ဆင့် ငွေလွှဲစနစ်နဲ့ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
 
အခန်းတန်ဖိုးတွေကို ကျပ်သိန်း ၁၂၅ သိန်း အများဆုံး သတ်မှတ်ထားပြီး နောက်ထပ် တန်ဖိုးနည်းအိမ်ရာတွေကို အခြေခံအလုပ်သမားတွေအဓိကနေထိုင်လုပ်ကိုင်နေကြတဲ့ သန်လျင်မြို့နယ်ကသီလဝါဆိပ်ကမ်း နဲ့ လှိုင်သာယာမြို့နယ်က ကျန်းစစ်မင်းအိမ်ရာတွေကိုလည်း အစိုးရရဲ့ ထောက်ပံငွေကြေးနဲ့ အခြေခံလိုအပ်ချက်တွေကို မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ဆောက်လုပ် အကောင်ထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအခါကျရင်တော့ အခန်းတန်ဖိုးက ကျပ်သိန်း ၇၀ လောက်ထိ ဈေးသက်သာလာနိုင်တဲ့ အခြေနေတွေ ရှိနေတယ်လို့ သိရှိရပါတယ်။
 
Ref:ကုမုန္ဒြာ 
 
 


Follow us on