1. Home
  2. Special or Others

ငယ်စဉ်က ဝက်ဝံရုပ်လေးနဲ့ အတူနေခဲ့တဲ့ မိဘမဲ့မြည်းပုလေး

Special or Others ต.ค. 24, 2559 view 1,554

ဘရီးဇ်ဆိုတဲ့ မြည်းပုလေး မွေးဖွားပြီး နာရီပိုင်းလောက်အကြာမှာ မိခင်ဖြစ်သူက သူ့ကို စွန့်ပစ်သွားခဲ့တာပါ။ အခြားမြင်းတွေဆီက နို့လိုက်စို့ဖို့ကြိုးစားရင်း Dartmoor အမျိုးသားဥယျာဉ်ထဲမှာ လျှောက်သွားနေခဲ့တဲ့ ဘရီးဇ်ဟာ နောက်ဆုံးမှာတော့ ဆာလောင်ပင်ပန်းပြီး လဲကျသွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူ့ကို အင်္ဂလာအနောက်တောင်ပိုင်းက ဒီဗွန်ကောင်တီရှိ Mare and Foal ဘေးမဲ့တောဆီကို သူ့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီနေရာမှာ ဘရီးဇ်ကို ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အဖော်ရဖို့ ဘက်တန်လို့ ခေါ်တဲ့ တက်ဒီဝက်ဝံရုပ်ကြီးတစ်ရုပ်ကိုလည်း ပေးထားခဲ့ပါတယ်။

နောက် ၃ နှစ်အကြာ အခုအချိန်မှာတော့ ဘရီးဇ်ဟာ အရွယ်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တက်ဒီဝက်ဝံရုပ်ကြီးကိုတော့ မစွန့်လွှတ်နိုင်သေးပါဘူး။ ဘရီးဇ်ငယ်စဉ်က တက်ဒီဝက်ဝံရုပ်ကြီးရဲ့ ရင်ခွင်ထဲမှာ အိပ်နေတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ ရေပန်းစားခဲ့သလို အရွယ်ရောက်တဲ့ ဘရီးဇ်က အခု ဝက်ဝံရုပ်ကို ရင်ခွင်ထဲထားပြီး အိပ်နေပုံကို Mare and Foal ဘေးမဲ့တောဌာနက အင်တာနက်မှာ ထပ်မံတင်ခဲ့ပါတယ်။ ဘက်တန်ထက် သူ ကြီးသွားတာကို ဘရီးဇ်က ဂရုမစိုက်သလို အရင်တုန်းကလို ဘက်တန်က အမွေးတွေအများကြီး မရှိတော့တာလည်း ဂရုမစိုက်ပါဘူး။ သူဘယ်အရွယ်ရောက်ရောက် ဘက်တန်ကို ချစ်နေမှာပါပဲ။

Credit : duwun



Follow us on