မွန်ပြည်နယ် ပေါင်မြို့ မဟာသုဒဿနတောင်တော်တွင် တည်ထားတော်မူသော ဆုတောင်းပြည့်ဘုရား၏ အထက်ပစ္စယံပေါ်၌ ဟိန်းဝေယံအမည်ပါ ကြက်လျှာ ပုံအဝါရောင်အလံရှစ်ခုစိုက်ထူထားခြင်းနှင့် ပတ်သက်၍ ပေါင်မြို့ရှိဒေသခံပြည်သူများနှင့် လူမှုကွန်ရက်များပေါ်တွင် မင်းသားဟိန်းဝေယံအား ကန့်ကွက်ရှုတ်ချကြောင်း ဝေဖန်မှုများဖြင့် ပွက်လောရိုက်လျက်ရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့မှ စာရင်းစစ် ဦးကျော်က"ဒီအလံတွေ လာတပ်သွားတာမသိလိုက်ပါဘူး။ ကျွန်တော်သိတာတခုက ဟိန်းဝေယံရဲ့အမေဒေါ်စန်းစန်းဝင်းက သူမရဲ့သူငယ်ချင်း ပေါင်၊ မိုးနိုင်းရပ်ကွက်က ဦးသောင်းညွန့်ကို အကူအညီတောင်းလို့ ဦးသောင်းညွန့်က လာတပ်သွားတယ်။ ဘုရားမှာယတြာလာချေတာနဲ့တူပါတယ်။ မိုးနိုင်းက ဦးသောင်းညွန့်နဲ့ ဟိန်းဝေယံအမေက သူငယ်ချင်းဆိုတာတော့ သိတယ်။ ဘယ်နေ့ကလာတပ်သွားတယ်ဆိုတာတော့ သိလိုက်ပါဘူး။
ဘုရားမှာဘုန်းကြီးကျောင်းရှိပေမယ့် ကျောင်းဘုန်းကြီးတွေက အသက်အရွယ်ကြီးနေတော့ အဆောင်ထဲမှာပဲ သီတင်းသုံးနေတာ။ ဒါ့ကြောင့် မသိလိုက်ဘူးဖြစ်သွားတယ်။ ဘုရားက ဂြိုဟ်ရှစ်ခွင်မှာလည်း ဘုရားဖူးတွေက တခါတလေယတြာချေတဲ့အနေနဲ့လာပြီး တံခွန်ကုက္ကားတွေ ပူဇော်သွားတာတွေ ရှိပါတယ်။ အဲဒီလိုပဲ တော်တော်များများကလာပြီးယတြာလာလုပ်တယ်ထင်လို့ အမှတ်မထင် ဖြစ်သွားတာပါ"ဟု NewsWatch သို့ ပြောသည်။
ဆုတောင်းပြည့်ဘုရား၏ အထက်ပစ္စယံပေါ်ရှိ သံဘောင်တွင် အမြင့် ၁၀ ပေခန့်ရှိ ဝါးလုံးတိုင်ထိပ်ပေါ်တွင် ဟိန်းဝေယံအမည်ပါ ကြက်လျှာပုံအဝါရောင်အလံ ၈ ခုအား ကပ်ချည်စိုက်ထူထားခြင်းနှင့် ပတ်သက်၍ ပေါင်မြို့ရှိဒေသခံပြည်သူများနှင့် လူမှုကွန်ရက်မီဒီယာများတွင် ဝေဖန်မှုများမြင့်တက်လာကြောင်း သိရသည်။
“ဘုရားပေါ်မှာ ဟိန်းဝေယံနာမည်ရေးထားတဲ့ အလံတိုင်တွေချည်ထားတာ ကျွန်တော်ညကပဲတွေ့ခဲ့တယ်။ သူတို့ဘယ်နေ့ကလာချည်လဲဆိုတာတော့ မသိဘူး။ တွေ့နေတာတော့ကြာပါပြီ။ အထက်ပစ္စယံ ပတ်ပတ်လည်မှာ ဟိန်းဝေယံနာမည်နဲ့အလံတွေ ချည်ထားတာပါ။ ကျွန်တော်တို့ပြောချင်တာက သူ့ထက်သမာဓိပညာအားဖြင့် အများကြီး ကြီးတဲ့သူတွေက ဒီဘုရားကိုလာပြီးပူဇော်ကန်တော့တဲ့နေရာမှာ ဒီလိုမျိုးကြီးလာလုပ်တာကတော့ ကျွန်တော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ အလံမှာထိုးထားတဲ့နာမည်က မင်းသားဟိန်းဝေယံပဲဖြစ်ဖို့များပါတယ်။
တခြားဟိန်းဝေယံတော့လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာတယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး”ဟု ဒေသခံတဦးကပြောသည်။ အဆိုပါဖြစ်စဉ်ကို အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် Mon Bo Gyoke ဆိုသောဖေ့စ်ဘုတ်အကောင့်မှ ပုံနှင့်တကွဖော်ပြခဲ့ပြီးနောက် မင်းသားဟိန်းဝေယံ ယတြာချေအလံတိုင် စိုက်ထူမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများအကြား အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
“ဟိန်းဝေယံရဲ့အမေ မစန်းစန်းဝင်းက ဗေဒင်ဆရာရဲ့မှာကြားချက်အရ သူ့သားမှာကံဇာတာအညံတွေရှိနေတယ်။ အလံမှာ ဟိန်းဝေယံရဲ့နာမည်ကိုရေးထိုးပြီး တောင်ပေါ်ကစေတီတဆူမှာ ယတြာချေပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်နဲ့ကလည်း ကျောင်းနေဘက်ငယ်သူငယ်ချင်းအရင်းတွေဖြစ်နေလို့ ဒါကိုလုပ်ပေးလိုက်တာပါ”ဟု ယတြာအလံတိုင်များစိုက်ခဲ့သူ ပေါင်မြို့နယ် မိုးနိုင်းကျေးရွာနေ ဦးသောင်းညွန့်ကပြောသည်။
Credit: New Watch