1. Home
  2. Myanmar News

မသင်္ကာဖွယ်ရာစက်လှေများ ဧရာဝတီကမ်းခြေရွာများသို့ ဆိုက်ကပ်ရန်ကြိုးစား

Myanmar News ต.ค. 27, 2559 view 1,522
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကမ်းခြေရွာများသို့ အောက်တိုဘာ(၂၅)ရက်၊ ည(၇) နာရီ ခန့်တွင် မသင်္ကာဖွယ်စက်လှေများကမ်းကပ်ရန်ကြိုးစားမှုကြောင့် ဟိုင်းကြီးကျွန်းမြို့မှ စတင်ကာ အနောက်ဘက်ကမ်းခြေရွာများဖြစ်သည့် ကွင်းဘတ်ရွာ၊ နံသာ ပုရွာ၊ ကြွေချိုင်ရွာ၊ နတ်မှော်ရွာ နှင့် စပါးကျီးကျေးရွာများတွင်  ဒေသခံများ လူစုလူဝေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
“စက်လှေမီးရောင်တွေမြင်ရတော့ ရွာကလူတွေက မသင်္ကာဘူးဆိုလိုက်ကြတာ။ ကျွန်တော်တို့လည်း ရေတပ် သင်္ဘောတွေကို လှမ်းဆက်တော့ ရန်ကုန်ကလာတဲ့ ဝယ်လတ်လှေ(ငါးဖမ်းစက်လှေ အလတ်စား)တွေ သူတို့ လည်း တွေ့ပါတယ်လို့ ပြောပါတယ်။ ပင်လယ်ပြင်မှာ(၆)စီးလောက်တွေ့တယ် ပြောပါတယ်။”ဟု ဟိုင်ကြီးကျွန်း မြို့မ၊ ရဲစခန်းမှူး ဦးစိုးစိုးမင်းက ပြောသည်။
 
ထို့ပြင် ငပုတောမြို့နယ်၊ ကွင်းဘတ်အုပ်စု ကွင်းဘတ်ရွာအနောက်ဘက် အုန်းကျွန်းကြီးအနီး ငှက်သောင် ကျောက်တန်းအနီးသို့ အောက်တိုဘာလ(၂၅)ရက်၊ ည(၉)နာရီကလည်း မသင်္ကာဖွယ်စက်လှေ(၃)စီး ချဉ်းကပ် လာမှုကြောင့် ကမ်းခြေတလျောက်ရှိရွာများတွင် အထိတ်တလန့်ဖြစ်၍ လူစုလူဝေးများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“မုန်တိုင်းရှိလို့ ဒီဒေသက ငါးဖမ်းစက်လှေတွေ တစ်စီးမှ မထွက်တဲ့အချိန်မှာ ညဘက်ကမ်းကပ်ဖို့ ဝင်လာတာ ရွာသားတွေ မီးတွေနဲ့ထိုးကြည့်တော့မှ မကပ်တော့ဘဲ ပတ်မောင်းနေလို့ ကမ်းခြေတစ်လျောက် ရွာတွေလူစုပြီး သတိထားကြည့်နေရတာ။လစ်တဲ့ ရွာကို ကပ်မယ်ဆိုတဲ့သဘော။ ဒီမနက်တော့ မတွေ့ရတော့ဘူး။“ဟု တင်း ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောသည်။
 
မသင်္ကာဖွယ်လှေ(၃)စီးသည် ငပုတောမြို့နယ်၊ ဖောင်သိုးကျေးရွာသို့စတင်၍ ကမ်းကပ်ရန်ကြိုးစားခဲ့ပြီး ရွာခံများ မှ လူအင်အားစုဖြင့် မီးများဖြင့် ထိုးကြည့်ခဲ့သဖြင့် ကမ်းမကပ်တော့ဘဲ ဂေါ်ရန်ဂျီကျွန်းအနီးတစ်ဝိုက် ကမ်းခြေ ရွာများဖြစ်သည့် နံသာပု၊ ကြွေချိုင်၊ နတ်မှော်၊ စပါးကျီး ကျေးရွာများသို့ ပတ်မောင်းနေသဖြင့် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
 
အဆိုပါ ဖြစ်ရပ်များကြောင့် ငပုတောမြို့နယ် အနောက်ဘက်ကမ်းခြေရွာများကို လုံခြုံရေးတိုးမြှင့်ထားပြီး တင်း ချောင်းကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ရွာတွင်လည်း ဘယ်ရီဂိတ်များချကာ ဖြတ်သွားဖြတ်လာများကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
 
Credit:မြစ်မခမီဒီယာ
Photo:သရုပ်ဖော်မျှသာ


Follow us on