1. Home
  2. Myanmar News

မြို့နယ်နှစ်ခုတွင် လူသတ်၊ ၁၀ နှစ်သမီးကို သားမယားပြုကျင့်သူ တရားခံပြေးအား ဖမ်းဆီးမိ

Myanmar News ต.ค. 27, 2559 view 1,533
၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် လှော်ကားဘူတာအနီး ရထားသံလမ်းဘေးတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာတို့ဖြင့် လဲကျနေသော အမျိုးသမီးတစ်ဦးကို နံနက် ၃ နာရီခန့်က တွေ့ရှိခဲ့ရသဖြင့် လှော်ကားနယ်မြေရဲစခန်းသို့ အကြောင်းကြားထားခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ပါသည်။
 
အဆိုပါအမျိုးသမီးမှာ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ (၂၆)ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ပြောင်းလဲစစ်ဆေးခဲ့ကြောင်း သိရသည်။
 
 
အဆိုပါအမှုကို ဖော်ထုတ်နိုင်ရန်အတွက် လှော်ကား နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက် ပြစ်ချက်ဟောင်းရှိသူ ကော့မှူးမြို့နယ်နေ ခင်ညွန့်(ခ)မျိုးထက်အား မသင်္ကာဖွယ်စုံစမ်းသိရှိခဲ့ရသည်။ ခင်ညွန့်(ခ)မျိုးထက်အား သာကေတမြို့မရဲစခန်းတွင် စက်ဘီးခိုးမှုဖြင့် ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်နေစဉ် အဆိုပါအမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည်။
 
စစ်ဆေးချက်များအရ ၎င်းသည် သေဆုံးသူအမျိုးသမီးနှင့် သိကျွမ်းရင်းနှီးသူဖြစ်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သူ အမျိုးသမီးနှင့် တွေ့ဆုံစဉ် နားကပ်အား အသုံးလို၍တောင်းရာ မရသဖြင့်ဖြုတ်ယူရာမှ စကားများကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ံ
 
ထို့နောက် အခြားကျူးလွန်ခဲ့သော ပြစ်မှုများရှိ/မရှိ ဆက်လက်ဖော်ထုတ်စစ်ဆေးခဲ့ရာ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဘုရားပွဲဈေးတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃/၅၁၂ ဖြင့် ခရိုင်တရားရုံးတွင် တရားစွဲဆိုအရေးယူခံထားရသည့်အမှုမှ တိမ်းရှောင်နေသူ တရားခံပြေးတစ်ဦးလည်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
 
 
သက်သေခံပစ္စည်းများနှင့်အတူ အမှုများဖွင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှု၊ လုယက်မှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Ref:YangonPolice
 


Follow us on