ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့က အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ အခြားအမျိုးသားတစ်ဦးကို ကားဖြင့် လိုက်လံတိုက်ခဲ့မှုကို စုံစမ်းရာမှ လက်နက်နှင့် ကျည်ဆံများပါ စစ်ဆေးရရှိခဲ့ကြောင်း လားရှိုး မြို့မရဲစခန်းမှ သိရှိရသည်။
လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၇)တွင် နေထိုင်သည့် အသက်(၄၄)နှစ်အရွယ် အမျိုးသားသည် ၎င်း၏မိန်းမ နှင့် ဖောက်ပြန်သည်ဟုဆိုသည့် အမျိုးသားတစ်ဦးအား လားရှိုးမြို့ရှိ ဆဲဗင်းဒေးစားသောက်ဆိုင်အနီးတွင် VIGO အဖြူရောင်ယာဉ်ဖြင့် လိုက်တိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကားဖြင့်အတိုက်ခံရသည့်အမျိုးသားမှာ လမ်းပေါ်သို့လဲကျသွားပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းသဖြင့် ရဲ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းကို ရဲစခန်းတွင်စစ်ဆေးမေးမြန်းရာ ကားဖြင့်တိုက်ရန်ကြံစည်မှု မအောင်မြင်ခဲ့သဖြင့် သေနတ်ဖြင့်ပါ ပစ်ရန်ရှိကြောင်း သိရသောကြောင့် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အမေရိကန်နိုင်ငံထုတ် Smith Wesson အမျိုးအစား VED MOD-5906 နံပါတ်ပါသေနတ်တစ်လက်အား ကျည်(၁၃)တောင့်နှင့်အတူ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
“ဦး------ ကနေပြီးတော့ ဦး------ ကို လူမှုရေးဖောက်ပြန်တယ်ဆိုပြီး ကားနဲ့လိုက်တိုက်တယ်။ ကားနဲ့တိုက်လို့ ကျွန် တော်တို့က ဖမ်းပြီးစစ်မေးတော့ သေနတ်နဲ့ပါပစ်ဖို့ရှိတယ်ဆိုပြီးသိရလို့ သူအိမ်ကိုဝင်ရှာတာကနေ သေနတ်နဲ့ ကျည်ဆံတွေ တွေ့ခဲ့ရတာပါ။’’ဟု လားရှိုးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
လက်ရှိတွင် ကားဖြင့်တိုက်၍ သေကြောင်းကြံစည်သည့် လားရှိုးမြို့ရပ်ကွက်(၅)၊ နယ်မြေ(၁၇)နေသူကို လားရှိုးမြို့မရဲစခန်း မှ (ပ)၄၂၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၃ တို့ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဆက်လက်စစ်ဆေးနေကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
Credit:မြစ်မခမီဒီယာ