ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူ အတု သိန်း ၁၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ အချိန်က တာချီလိတ်မြို့ ၊ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခင်နီသည် ထိုင်းဘတ်ငွေ (၈၁၅၂၅၀)ဘတ်အား တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်ထံ သွားရောက်လဲလှယ်ခဲ့ရာ မြန်မာငွေကျပ် တစ်သောင်းတန် တစ်အုပ်လျှင် ရွက်(၁၀၀)ပါ (၃၀) အုပ် ၊ ငွေကျပ် သိန်း (၃၀၀) ရရှိခဲ့ပြီး ငွေများအား စိစစ်ကြည့်ရှုရာ မြန်မာငွေ တစ်သောင်းတန် (၁၀၀)ရွက်ပါ (၁၀)အုပ်မှာ မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ငွေအစစ်ဟု ယူဆရသော မြန်မာငွေကျပ် တစ်သောင်းတန် (၁)အုပ် (၁၀၀)ရွက်ပါ (၂၀)အုပ် ကိုသာ ကမ္ဘောဇဘဏ်(၁)တွင် ငွေလွှဲပေးပို့ခဲ့ပြီး ကျန်ရှိသည့် မသင်္ကာဖွယ် ရာ မြန်မာငွေကျပ် တစ်သောင်းတန် (၁၀၀)ရွက်ပါ (၅)အုပ်အား ကမ္ဘောဇဘဏ် (၁)တွင် အတု/အစစ် သိရှိနိုင်ရေး စစ်ဆေးရာ ငွေစက္ကူအတု များ ဖြစ်နေကြောင်း သိရှိရ၍ ဒေါ်ခင်နီမှ တာချီလိတ်မြို့မရဲစခန်းသို့ ဖုန်းဆက် တိုင်ကြားခဲ့သည်။
အဆိုပါ ငွေစက္ကူအတုများ လဲလှယ်ပေးခဲ့သူ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်အား တစ်သောင်းတန် ငွေစက္ကူအတု (၁၀၀)ရွက်နှင့်အတူ တာချီလိတ်မြို့ မြို့မရဲစခန်း မှ ခေါ်ယူစစ်ဆေးပြီး ဥပဒေအရ အရေးယူရန် (ပ) ၂၀၅/၂၀၁၆ ၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Credit:MOI