1. Home
  2. Special or Others

အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်လည်း တိုက်ရ ခိုက်ရတဲ့ ကရာတေး အားကစားကိုမှနှစ်ခြိုက်ခဲ့သူ

Special or Others พ.ย. 04, 2559 view 1,703

အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် တိုက်ရ ခိုက်ရ၊ ထိုးရဝှေ့ရတဲ့ ကရာတေး အားကစားကိုမှ နှစ်နှစ်ခြိုက်ခြိုက် ရွေးချယ်ခဲ့တယ်ဆိုတဲ့ မြန်မာ့ အားကစားလောကရဲ့ ကရာတေးချန်ပီယံ မိုင်ယင်းဝှါထောင်းလွယ် (ခေါ်) အိုလီဗီယာရဲ့ ကရာတေး အားကစား ကိုဘာကြောင့်ရွေးချယ်ခဲ့တယ်ဆို အကြောင်းလေးဖြစ်ပါတယ်။မွေးချင်း ၅ ယောက်အနက် အကြီးဆုံး သမီးဖြစ်တဲ့ မိုင်ယင်းဝှါထောင်းလွယ် (ခ) အိုလီဗီယာဟာ ချင်းတိုင်းရင်းသူ တစ်ဦးဖြစ်ပီး ကရာတေးအားကစားနဲ့ပဲ နိုင်ငံတကာ ဆုတံဆိပ်ပေါင်းများစွာကို နိုင်ငံဂုဏ်ဆောင်အနေနဲ့ ရယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေစပြီး အခုအချိန်ထိ အားကစားနှင့်ကာယပညာဦးစီးဌာ နမှာ လက်ထောက်ညွန်ကြားရေမှူး ရာထူးနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

မေး - အမအနေနဲ့ အားကစားနည်းတွေ အများကြီးထဲကမှ ဘာလို့ ဒီလို ထိုးရဝှေ့ရတဲ့ ကရာတေး အားကစားကိုမှ ရွေးချယ်ခဲ့တာလဲ ?

ဖြေ - ကရာတေးကို ဘာလို့ ရွေးသလဲဆိုတော့ အဖေက ကရာတေးဆရာပါ။ ငယ်ငယ်တည်းက အဖေသင်ပေးလို့ ကစားဖြစ်တာပါ။ ကိုယ်တိုင်လည်း စိတ်ဝင်စားပါတယ်။

မေး -မိန်းကလေးတစ်ယောက်အနေနဲ့ ကရာတေးအားကစားကို စလုပ်တော့ အဓိက ဘာအခက်အခဲကြုံရလဲ ?

ဖြေ - ကိုယ်လက်တွေ နာတယ်။ အထိုးခံရ အကန်ခံရတယ်။ မောလို့ အသက်ရှုမဝတဲ့အထိ ဖြစ်တယ်။ လက်ရွေးစင်ဘဝရောက်သည်အထိ senior တွေကို ယှဉ်ပြိုင်ပြီးတော့ အတင်းတိုးရတယ်။ အဲ့ခေတ်က တိုင်းပြည်အခြေအနေအရ အားကစားသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ equipment တွေလည်း မပြည့်စုံခဲ့ဘူး။ အများကြီး ရုန်းကန်ခဲ့ရပါတယ်။

မေး - မိန်းကလေးဆို သိမ်သိမ်မွေ့မွေ့ ရှိရမယ်ဆိုတဲ့ အမြင်တွေကလည်း ရှိတော့ အမအနေနဲ့ အဲလိုမျိုး အမြင်ရှိတဲ့သူတွေနဲ့ တွေ့ကြုံခဲ့ဖူးလား?

ဖြေ - ကြုံဖူးပါတယ်။ ပြောတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ခုခေတ်မှာ သိမ်သိမ်မွေ့မွေ့နဲ့ ဗိုင်းကောင်းကျောက်ဖိ အိမ်ထဲက အိမ်ပြင်မထွက်ရဲတဲ့ အယူအဆတွေ မရှိတော့ပါဘူး။ မရှိလည်း မရှိသင့်တော့ပါဘူး။ အားကစားလုပ်တယ်ဆိုတာ ကလက်တာမဟုတ်ဘူး။ ရိုင်းစိုင်းတာလည်းမဟုတ်ဘူး။ အရင်ခေတ်က စစ်ဖြစ်တဲ့အခါမှာ လက်နက်ကြီးငယ်သုံးပြီးဖြစ်တယ်။ ဒီနေ့ခေတ်မှာ အားကစားတွေက တိုင်းပြည်တွေရဲ့စစ်ပွဲဖြစ်လာတယ်။ ဒီအားကစားကပဲ ကိုယ့်နိုင်ငံအလံကို အခြားနိုင်ငံရဲ့ခေါင်းဆောင်တွေကအစ ပြည်သူတွေအထိ အလေးပြုဦးညွှတ်စေတာပါ။

မေး - ပြည်ပ ပြိုင်ပွဲတွေ သွားပြိုင်တုန်းက မှတ်မှတ်ရရ ရှိခဲ့တဲ့ အတွေ့အကြုံလေးတွေ ပြောပြပေးပါ။

ဖြေ - မှတ်မှတ်ရရ ရှိပြီး မမေ့တဲ့ပွဲရှိပါတယ်.. မလေးရှား အိုးပင်းပြိုင်ပွဲ ဖိုင်နယ် အဆင့်တုန်းက ကြုံခဲ့ရတာပါ။ အဲ့တုန်းက ဒိုင်က စင်ကာပူဒိုင်။ ... Final ပွဲမှာ... နိုင်ငံပေါင်း စုံက ကစားသမားတွေ အဆင့်ဆင့် ဖြတ်ကျော်ပြီး နောက်ဆုံး မကာအိုသူနဲ့ ပြိုင်ရတာ။ ဒါပေမယ့် ဒိုင်က သိသိသာသာဘက်လိုက်ခဲ့လို့ ဘယ်လိုကစားကစား အမှတ်မရဘဲ Foul တွေရနေပါတယ်.. ဟိုဘက်က လှုပ်တာနဲ့ အမှတ်ကပေးပြီးသား လုပ်ပါတယ်.. ဒီလိုနဲ့ အဲ့ဒီပွဲကို ဒုတ်ယဆုနဲ့ ကျေနပ်ခဲ့ရတာပေါ့... ပွဲထိုးပြီးပြီးချင်း စိတ်ညစ်ညစ်နဲ့ အိမ်သာဘက်ကို အစ်မထွက်သွားခဲ့တယ်.. ပြန်ထွက်လာတော့ ခုနက Mr. Richard နဲ့ Macau နည်းပြဆရာတို့ဟာ အိမ်သာနားမှာ လက်ဆွဲပီး ပြုံးရယ်နေတာတွေ့ခဲ့ရတော့ စိတ်တော်တော်နာခဲ့ပါတယ်.. မြန်မာပြည်ပြန်ရောက်တော့လည်း တော်တော်နဲ့ မေ့မရဘူး.. အဲလိုနဲ့ ဒီစကာင်္ပူဒိုင်လည်း တခြားပွဲက သူများတွေဝိုင်းတိုင်တာနဲ့ သူနောက်နှစ်တွေ ဒိုင်မလုပ်ရတော့ဘူးလို့ကြားပါတယ်။

မေး - ပြိုင်ပွဲမှာ ကိုယ့်နဲ့ယှဉ်ပြိုင်ရမဲ့ ပြိုင်ဘက်ကို အမအနေနဲ့ ဘယ်လိုသဘောထားလဲ။

ဖြေ - ပြိုင်ဘက်ကို အထင်လည်းမသေးရ အထင်လည်းမကြီးရဆိုပြီး အဖေကရော ဆရာတွေကရော ဆုံးမလေ့ရှိပါတယ်... သူလည်းသူ့နိုင်ငံတွက် ကစားတယ် ကိုယ်လည်း ကိုယ့်တိုင်းပြည်ကိုယ်စားပြုတယ်ဆိုပြီး ရင်ဘတ်ကအလံချင်း ယှဉ်ပြိုင်တယ်လို့ သဘောထားပါတယ်။ ကျေးဇူးတင်ပါတယ်

Credit : llksradio

Credit .Photos ; Mai Olivia YinHua TL



Follow us on