1. Home
  2. Myanmar News

လမ်းဘေးဈေးသည်များကို စနစ်တကျအစီအစဉ်ဖြင့် သတ်မှတ်နေရာများတွင် ရောင်းချခွင့်ပြုမည်

Myanmar News พ.ย. 07, 2559 view 1,598
ရန်ကုန်မြို့အတွင်း အများပြည်သူပိုင် လမ်းများပေါ်၌ ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား စနစ်တကျ ဈေးရောင်းချနိုင်ရန် ကောင်းမွန်သည့် အစီအမံများ လုပ်ဆောင်ပေးရန် အဆိုကို ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုကို အတည်ပြုပေးခဲ့သည်။
 
ပြည်သူပိုင်လမ်းများ၊ ပလက်ဖောင်းများပေါ်တွင် ဈေးရောင်း၍ ဘဝရပ်တည်နေသူများ အတွက် စည်းကမ်းနှင့်အညီ အချိန်ပိုင်း ဈေးရောင်းချမည့် နေရာ၊ မိမိရောင်းချသည့် ပစ္စည်းများမှ ထွက်ရှိသော အမှိုက်များကို စည်ကမ်းတကျ စွန့်ပစ်ရမည့် နေရာများကို စီစဉ်ဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ရှိကြောင်းနှင့် ယခုကဲ့သို့ စည်းကမ်းမဲ့ အခြေအနေ ဖြစ်နေရခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တာဝန်ပျက်ကွက်မှုကြောင့် ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။
 
 
လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကလည်း လမ်းဘေးဈေးသည်များသည် လူသွားပလက်ဖောင်းများပေါ်တွင် ဈေးရောင်းချမှုများ ရှိနေခြင်းကြောင့် လမ်းသွားလမ်းလာများအတွက် အဆင်မပြေကြောင်း၊ လမ်းဘေး ဈေးသည်များအား ဖယ်ရှား သင့်သော်လည်း ၎င်းတို့၏ စားဝတ်နေရေးကိုလည်း ထည့်သွင်းစဉ်းစားကာ စနစ်တကျ လုပ်ဆောင်ပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။
 
အလုပ်အကိုင် အခွင့်အလမ်းများ မရှာပေးနိုင်မီ လမ်းဘေးဈေးသည်များအား စနစ်တကျ လုပ်ပေးသင့်ကြောင်းကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးခဲ့သည်။
 
လမ်းဘေး ဈေးသည်ကိစ္စသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အားနည်းခြင်းကြောင့် ယခင် လမ်းဘေးဈေးသည် မရှိသည့် နေရာများ၌ပင် ဈေးသည်များ ရောက်ရှိလာကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ဆွေးနွေးခဲ့သည်။
 
လမ်းဘေးဈေးသည် ကိစ္စသည် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန် ၄၄ မြို့နယ်တွင် ဖြစ်ပွားနေပြီး စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
 
သို့ဖြစ်ရာ ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။
 
ရန်ကုန်မြို့တွင်းရှိ လမ်းဘေး ဈေးသည်များကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးကာ သတ်မှတ် အခွန်ကောက်ခံ၍ စနစ်တကျ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
 
ရှေးဦးစွာ ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် နေရာသတ်မှတ်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို မှတ်ပုံတင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပြီး ယင်းလေးမြို့နယ်ရှိ လမ်းဘေး ဈေးသည်များအတွက် ညဈေးတန်းကို ကမ်းနားလမ်းတွင် အကောင်အထည်ဖော် နေကြောင်းသိရသည်။ 
 
Credit:ကျော်ထင်


Follow us on