မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုသော နိုင်ငံခြားသားတစ်ဦး ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံတူဆေးမင်ကြောင် ထိုးထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ်(၆)နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ရဲအုပ်ခင်သန်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးရုံးမှ ဒုတိယဦးစီးမှူး ဦးဘုန်းကျော်၊ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးတပ်ဖွဲ့စု(မန္တလေး)မှ ဒုရဲအုပ် အောင်ဇာနည်ကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းတို့ပါဝင်သောအဖွဲ့သည် ယင်းနိုင်ငံခြားသားတည်းခိုရာ ဟိုတယ်သို့ နိုဝင်ဘာ ၇ ရက် ညနေ(၄)နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။
ဟိုတယ်တွင်တည်းခိုနေသည့် အသက်(၃၄)နှစ်အရွယ် အီတလီနိုင်ငံသား Mr Mola Giannunzoo Michele ကို တွေ့ရှိရာ ၎င်း၏ ဝဲဘက်ခြေသလုံးအပြင်ဘက်တွင် ဗုဒ္ဓရုပ်ပုံတူ ဆေးမင်ကြောင်ထိုးထားသည်ကို တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါနိုင်ငံခြားသားအား မိမိနိုင်ငံသို့ပြန်ရန်နှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ဘာသာတ ရားကိုစော်ကားထားသည့်ပုံများ ပါရှိပါက လက်မခံကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး နိုင်ငံခြားသားကိုလည်း ပြည်နှင်ဒဏ်ပေးသည့် အနေဖြင့် နိုဝင်ဘာ ၈ ရက်၊ နံနက်ပိုင်းက ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်ကလည်း ခြေသလုံးတွင် ဗုဒ္ဓရုပ်ပုံဆေးမင်ကြောင်ထိုးထားသည့်နိုင်ငံခြားသားအား ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသတွင်တွေ့ရှိခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင်လည်း ပုဂံရှေးဟောင်းဒေသတွင် အလားတူ တစ်ဦးအား ပြည်နှင်ဒဏ်ပေးခဲ့ဖူးကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ